မှန်နေရာမှာ အစားထိုးနိုင်မည့် သစ်သား သုတေသီများ တီထွင်နေ

Innovation Tech

စမတ်ဖုန်း ကုမ္ပဏီများဟာ ခေါက်နိုင် ကွေးနိုင်တဲ့ မျက်နှာပြင်များကို ထုတ်လုပ်ဖို့ ကြိုးစားနေချိန် မှာပဲ သုတေသီများဟာ ဖောက်ထွင်းမြင်နိုင်တဲ့ သစ်သားများကို တီထွင်ဖို့ ကြိုးစားနေပါတယ်။

သစ်တောထွက်ပစ္စည်း ဓာတ်ခွဲခန်း (FPL) မှ သုတေသီ Junyong Zhu နှင့်အတူ မေရီလန်း တက္ကသိုလ်နှင့် ကော်လိုရာဒို တက္ကသိုလ်မှ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ ပူးပေါင်းပြီး အဆိုပါ သစ်သားတမျိုးကို တီထွင်နေတာ ဖြစ်ပါတယ်။

အဆိုပါ ပစ္စည်းဟာ စက်မှု လုပ်ငန်း အမျိုးမျိုးတွင် အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး အလားအလာအရှိဆုံးကတော့ မှန်များနေရာမှာ အစားထိုးနိုင်မှာ ဖြစ်ပါတယ်။

ဖောက်ထွင်းမြင်နိုင်တဲ့ ဒီပစ္စည်း ဖန်သားနှင့် ဆင်တူသော်လည်း ဗော်လ်ဆာ သစ်ပင်မှ သစ်သားဖြင့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ဗော်လ်ဆာ သစ်ပင်ဟာ အပွင့်ပွင့်သည့် သစ်ပင် အမျိုးအစားဖြစ်ပြီး လျှင်မြန်စွာ ကြီးထွားလွယ်ကာ အမြင့် မီတာ ၃၀ လောက်အထိ ရောက်ရှိနိုင်ပါတယ်။

ဒီသစ်သားကို ပုံစံများ ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ လျှပ်ကာအဖြစ် အသုံးပြုခြင်းနှင့် ရေမျှောအတွက် အသုံးပြုခြင်း စသည့် နေရာများတွင် အသုံးပြုလေ့ ရှိပါတယ်။

ဤမျိုးစိတ်၏ သစ်သားကို အခန်းအပူချိန်တွင် အောက်ဆီဂျင်နှင့် ဓာတ်ပြုပြီး အထူး အရောင်ချွတ်ခန်းတွင် အလုံးစုံနီးပါး အရောင်ချွတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီ့နောက်မှာတော့ သစ်သားကို ပေါင်းစပ် ပိုလီမာဖြင့် ထိုးဖောက် ပြီးနောက် ဖောက်ထွင်းမြင်နိုင်သည့် ထုတ်ကုန်တခုအဖြစ် ဖန်တီးနိုင်တယ်လို့ သိရပါတယ်။

သစ်သားဟာ ဖန်သားပြင်ကဲ့သို့ ဖောက်ထွင်းမြင်နိုင်ပြီး ပလတ်စတစ်ကဲ့သို့လည်း ဂုဏ်သတ္တိရှိတယ်လို့ သိရပါတယ်။

သက်ရောက်မှု တခုရှိပါက အဆိုပါ သစ်သားဟာ ကွေးညွှတ်နိုင်ပြီး ပျက်စီးသွားပါက ဖန်များ မှန်များကဲ့သို့ ကွဲထွက်မသွားဘဲ သစ်သားကဲ့သို့ ကျိုးပဲ့သွားမှာ ဖြစ်ပါတယ်။

ထုတ်လုပ်သူများအဆိုအရတော့ ဒီ ပစ္စည်းအသစ်ဟာ သာမန် မှန်များထက် ပိုမို မာကျော၊ ပိုမို လုံခြုံ ကာ ကုန်ကျစရိတ်သက်သာပြီး အပူကာကွယ်မှုတွင် ပိုမို ထိရောက်မှု ရှိတယ်လို့ သိရပါတယ်။

သာမန် ဖန်ချက်လုပ်ရေး လုပ်ငန်းဟာ ကာဗွန်ထုတ်လွှတ်မှု အများအပြားရှိပြီး သမားရိုးကျ မှန်များနေရာတွင် ယခု ပစ္စည်းသစ်နှင့် အစား ထိုးနိုင်ပါက စွမ်းအင် သုံးစွဲမှု နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဒီ ထုတ်ကုန်ကို ထုတ်လုပ်ရာမှာလည်း သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ သဟဇာတ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ သုတေသီများဟာ တည်ဆောက်ရေး လုပ်ငန်းတွင် ဖောက်ထွင်း မြင်နိုင်သည့် သစ်သားများကို အသုံးပြုနိုင်ရန် အာရုံ စိုက်နေကြပါတယ်။

ဒီ သစ်သားဟာ အပူဒဏ်ကို ခံနိုင်ရည် မြင့်မားသောကြောင်း ပြူတင်းပေါက်မှန်များတွင် အသုံးပြုရန် အကောင်းဆုံး အနေအထား ရှိတယ်လို့ သိရပါတယ်။

အောင်မြင်ပါက ၎င်းကို မော်တော်ယာဉ်လုပ်ငန်း၊ စမတ်ဖုန်း လုပ်ငန်းနှင့် အခြား စက်မှုလုပ်ငန်းများတွင်ပါ အနာဂါတ်တွင် အသုံးပြုလာနိုင်ဖွယ် ရှိနေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.