ခေတ်သစ် အင်ဂျင်နီယာ နည်းပညာများဖြင့် ထုတ်လုပ်ထားသည့် သစ်သားများဟာ ကမ္ဘာကြီး အတွက် ရေရှည်တည်မြဲစေရန် အထောက်အပံ့ ပေးလာနိုင်ပါတယ်။
လက်ရှိ အချိန်တွင် ပြတိုက်များမှသည် လေဆိပ်များ အထိပင် သစ်သားဖြင့် ပြုလုပ်ထားသည့် အဆောက်အအုံ များကို ပြောင်းလဲ အသုံးပြုဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။
မကြာသေးမီကပဲ Pritzker ဆုကို ရရှိထားသည့် ဗိသုကာ ပညာရှင် Shigeru Ban ဟာ သူ၏ သစ်အများအပြား ပါဝင်သည့် နှစ်မျိုးစပ် မိုးမျှော်တိုက်သစ် ဒီဇိုင်းကို အကောင်အထည် ဖော်နေပါတယ်။
ထို အဆောက်အဦးကို လက်ရှိ ဘယ်လ်ဂျီယံနိုင်ငံ Antwerp တွင် တည်ဆောက်နေတာ ဖြစ်ပါတယ်။
မိုးမျှော်တိုက်ကြီးကို Ban လို့ အမည်ပေးထားပြီး Triple Living က တည်ဆောက်ပေးနေတာပါ။

Image: Courtesy of Triple Living
အထပ်ပေါင်း ၂၅ ထပ် ပါဝင်မည့် ထိုအဆောက်အဦး၏ အမြင့် ၂၆၂ ပေခန့် ရှိပြီး လက်ရှိ အမြင့် ၂၈၄ ပေရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး သစ်သားမိုးမျှော်တိုက်ကြီးနှင့် သိပ်မကွာဝေးလှပါဘူး။
လှေကားနေရာ နှင့် ဓာတ်လှေကားများ အပါအဝင် အူတိုင်ကို သံမဏိနှင့် ကွန်ကရစ်များ အခြေခံထားပြီး သစ်သား အများအပြားဖြင့် တည်ဆောက်မည့် Ban ဟာ အတော်လေး ရှုပ်ထွေးသည့် ဒီဇိုင်းကို ပိုင်ဆိုင်ထားပါတယ်။
ယခု စီမံကိန်းဟာ မိုးမျှော်တိုက်ကြီးကို တည်ဆောက်ဖို့ ဖြစ်ပေမယ့် အနီးမှာ နောက်ထပ် သစ်သားဖြင့် တည်ဆောက်ထားသည့် အဆောက်အဦးလည်း ပါဝင်ဦးမှာပါ။
ထိုအဆောက်အအုံ နှစ်ခုတွင် လူနေအိမ်ခန်းပေါင်း ၂၉၅ ခန်းလောက် ပါဝင်မှာ ဖြစ်ပြီး လသာဆောင်တွေတောင် ပါဝင်ဦးမှာပါ။
အိမ်ခန်းများ အားလုံးအတွင်း နေ့အချိန်တွင် အလင်းရောင်ကို အကောင်းဆုံး ရရှိစေရန်လည်း ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

Image: Courtesy of Triple Living
မိုးမျှော်တိုက်ကြီး၏ ထိပ်တွင် ဂျပန်စတိုင် ဥယျာဉ်တခု ပါဝင်မှာ ဖြစ်ပြီး အဆိုပါ ဒီဇိုင်းကို ဗိသုကာ ပညာရှင် Bas Smets က ဒီဇိုင်းဆွဲထားတာပါ။
အဆောက်အဦးကို လက်ရှိတွင် ဆောက်လုပ်နေပြီ ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ပြီးစီးမယ်လို့ မျှော်လင့်ရပါတယ်။
နိုင်ငံ အများအပြားဟာ သစ်သားဖြင့် တည်ဆောက် ထားသည့် မိုးမျှော် တိုက်ကြီးများကို တည်ဆောက်နေကြတာ ဖြစ်လို့ လာမည့် နှစ်များ အတွင်းမှာ သစ်သားဖြင့် တည်ဆောက်ထားသည့် အဆောက်အဦးသစ်များကို ပိုမို တွေ့မြင်လာဖွယ် ရှိနေပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။