စိတ်ဝင်စားစရာကောင်းတဲ့ အင်ဂျင်နီယာ ဆိုင်ရာ ဆုံးဖြတ်ချက်တွေရဲ့ ယေဘူယျ နမူနာအချို့အပြင် တိကျသေချာတဲ့ ဥပမာအချို့ကို ဆက် လက် ဖော်ပြပေးလိုက်ပါတယ်။
အလွန်ဆန်းတဲ့ ဒီဇိုင်းနဲ့ Infinity Bridge အကြောင်း
အဆိုပါ တံတားဟာ စက်ဘီး နှင့် လူကူးတံတားအဖြစ် လှပစွာ တည်ဆောက်ထားတဲ့ သံမဏိ တံတား တစင်း ဖြစ်ပါတယ်။

၎င်းဟာ 892 ပေ (272 မီတာ) ရှည်လျားပြီး အင်္ဂလန်နိုင်ငံ၊ Stock-on-Tees ရှိ Tees မြစ်ကို လွှမ်းခြုံထားပါတယ်။
တံတားကို ၂၀၀၉ ခုနှစ် မေလတွင် ပြီးစီးခဲ့ပြီး တည်ဆောက်ဖို့ ၂ နှစ်အောက်သာ အချိန်ယူခဲ့ရတယ် ဟု သိရပါတယ်။
အဆိုပါ တံတားဟာ Tees Valley Regeneration မှ ဦးဆောင်တဲ့ North Shore Redevelopment ပရောဂျက်ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ပရောဂျက်တစ်ခုလုံးဟာ ပေါင် ၁၅ သန်း ကုန်ကျပါတယ်။
ချီကာဂိုရှိ တံတားအရှင် တွေအကြောင်း
ချီကာဂိုရဲ့ သံမဏိ တံတားတွေဟာ Chicago မြစ်တစ်ဖက်တစ်ချက်ရှိ မြို့ရဲ့ အစွန်းနှစ်ဖက်ကို ချိတ်ဆက်ပေးထားပြီး မြို့ကို လည်ပတ်နိုင်ကာ ရွေ့လျားနိုင်တဲ့ တံတား ၂၉ စင်း ဖြစ်ပါတယ်။
၎င်းဟာ အမ်စတာဒမ်ရဲ့ တံတားစုစုပေါင်းကို မကျော်နိုင်သော်လည်း ဒုတိယနေရာမှာတော့ ရှိပါတယ်။

ချီကာဂိုဟာ ကမ္ဘာပေါ်မှာ ရွေ့လျားနိုင်တဲ့ တံတားအရှင် ဒီဇိုင်းများစွာကို စမ်းသပ်ခဲ့တဲ့ တစ်ခုတည်းသောမြို့ဖြစ်သောကြောင့် တံတားအရှင်တွေရဲ့ မြို့တော်ဟုလည်း လူသိများပါတယ်။
မြို့တော်ဟာ တံတားဒီဇိုင်း မျိုးစုံကို စမ်းသပ်ခဲ့ပြီး နောက်ဆုံးတွင် ချီကာဂိုစတိုင် bascule တံတား ပုံစံ အခြေကျခဲ့ပါတယ်။
ချီကာဂိုတံတားတွေဟာ မြို့တော်ရဲ့အောင်မြင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု သော့ချက်တစ်ခု ဖြစ်ရတဲ့အကြောင်းမှာ ကားနှင့်ရထားတွေ ဖြတ်သန်းသွားလာနိုင်သည့်အပြင် လှေတွေဖြတ်သန်းသွားလာနိုင်အောင် ဒီဇိုင်းဆွဲထားပြီး သယ်ယူပို့ဆောင်ရေးအချက်အချာတစ်ခုဖြစ်အောင် ကူညီပေးပါတယ်။
ချီကာဂိုရဲ့ တံတားတွေဟာ မြို့တော်ရဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနှင့် ရပ်ကွက်တွေကို ချိတ်ဆက်ပေးပါတယ်။
ကျည်ဆန်ရထားများစွာရှိတဲ့ Guangzhou မီးရထားဘူတာရုံအကြောင်း
Guangzhou မီးရထားဘူတာရုံဟာ တရုတ်နိုင်ငံ၊ Guangzhou မြို့မှာ တည်ရှိပါတယ်။
အဆိုပါ ဘူတာရုံဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးဘူတာရုံများထဲမှ တစ်ခုဖြစ်ပါတယ်။

၎င်းဟာ တရုတ်နိုင်ငံတောင်ပိုင်းရှိ အလုပ် အများဆုံး ရထားဘူတာရုံများထဲမှတစ်ခုဖြစ်ပါတယ်။
Guangzhou မီးရထားဘူတာရုံကို ခရီးဝေး အနှေးခရီးသွားတွေ နှင့် ဟောင်ကောင် သို့မဟုတ် ရှန်ကျန်းသို့ အမြန်ခရီးစဉ်များအတွက်လည်း အသုံးပြုကြပါတယ်။
တရုတ်နိုင်ငံရဲ့ နာမည်ကြီး ကျည်ဆန်ရထားကို ကွမ်ကျိုးဘူတာရုံမှာ စီးနင်းနိုင်ပါတယ်။ ကွမ်ကျိုးမှာ ကျည်ဆန်ရထားဘူတာရုံ လေးခုရှိပါတယ်။
မြစ်တစ်စင်းနဲ့ ဆင်တူနေတဲ့ Nuremberg ရဲ့ အဓိက မီးရထားဘူတာရုံအကြောင်း
Nuremberg ရဲ့ အဓိက ဘူတာရုံကြီးဟာ ဂျာမနီရှိ မြူးနစ်၊ လိုက်ပ်ဇစ် နှင့် ဖရန့်ဖတ်တို့ကဲ့သို့ အဓိကနေရာများစွာအတွက် ဒေသဆိုင်ရာ သယ်ယူပို့ဆောင်ရေး အချက်အချာတစ်ခုဖြစ်ပါတယ်။

ထို့ကြောင့် Nuremberg မီးရထားဘူတာရုံဟာ အလွန်အလုပ်များပြီး စီးဆင်းနေတဲ့ မြစ်တစ်စင်းနှင့်တူနေတာပဲ ဖြစ်ပါတယ်။
အင်ဂျင်နီယာရဲ့ ဂန္ထဝင်လက်ရာတစ်ခုဖြစ်တဲ့ Minneapolis ရှိ SOO ရထားလမ်းကြောင်းပြောင်း ဆုံလည်
ရေနွေးငွေ့ စွမ်းအင်ခေတ်အတွင်း ရထားလမ်းကြောင်းပြောင်း ဆုံလည် တွေဟာ အလွန်အရေးကြီးတဲ့ စက်ကိရိယာ တစ်ခုဖြစ်ပြီး စက် ပစ္စည်းအများစုမှာ အသုံးပြုတာကို တွေ့နိုင်ပါတယ်။
အင်ဂျင်နီယာတွေဟာ စက်ခေါင်းတွေကို လိုအပ်တဲ့ ဦးတည်ရာသို့ လှည့်ဖို့ ရထားလမ်းကြောင်းပြောင်း ဆုံလည် တွေကို အသုံးပြုခဲ့ကြပါတယ်။
ရထားလမ်းကြောင်းပြောင်း ဆုံလည်ရဲ့ အယူအဆကတော့ ကြီးမားတဲ့နေရာ မလိုအပ်ဘဲ စက်ခေါင်းကို လိုအပ်တဲ့ ဦးတည်ရာကို အလွယ် တကူ လှည့်နိုင်စေဖို့ ဖြစ်ပါတယ်။

အထက်ဖော်ပြပါပုံမှာဆိုရင် Minneapolis၊ Minnesota ရှိ SOO ရထားလမ်းကြောင်းပြောင်း ဆုံလည် မှာ စက်ခေါင်းတွေက လိုအပ်တဲ့ ဦးတည်ရာကိုလှည့်ဖို့ တန်းစီစောင့်ဆိုင်းနေကြတာကို တွေ့မြင်ရပါတယ်။
သဘာဝအလှတရားတစ်ခုလိုဖြစ်နေတဲ့ New Croton ဆည်ကြီး အကြောင်း
New Croton ဆည်ကြီး ဟာ လှပပြီး ရေတံခွန်ကဲ့သို့ ရေလွှဲလမ်းကြောင်းပါရှိတဲ့ အထင်ကြီးစရာကောင်းလောက်အောင် တည်ဆောက်ထားတဲ့ ဆည်ကြီး ဖြစ်ပါတယ်။
အဆိုပါ ဆည်ကြီးဟာ နယူးယောက်၊ Cortlandt Manor ရှိ Croton Gorge ပန်းခြံမှာ တည်ရှိပါတယ်။ ၎င်းမှာ ရေထိန်း တံတိုင်းကြီးတစ်ခုနှင့် ကောင်းကင် တံတားတစ်ခု ပါပါတယ်။
ဝေဟင်တံတားဟာ ဆည်ရဲ့ရေစီးကြောင်းကို အနီးကပ် ကြည့်ရှု နိုင်မှာ ဖြစ်ပါတယ်။
ပထမဆုံး Old Croton ဆည်ကြီး ကိုတော့ Croton မြစ်ကိုဖြတ်ပြီး ၁၈၄၂ ခုနှစ်တုန်းက တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

၎င်းဟာ ၄၁ မိုင် မြေအောက်ရေပြွန်မှတစ်ဆင့် မန်ဟက်တန်သို့ ရေကို ထောက်ပံ့ပေးခဲ့ပါတယ်။ ၁၈၈၀ ခုနှစ်လောက်မှာတော့ နယူးယောက်မြို့ခံတွေဟာ ရေလိုအပ်ချက်တွေ တိုးများလာကြောင်း သဘောပေါက်ခဲ့ကြပါတယ်။
ဒါ့ကြောင့် New Croton ဆည်ကြီးကို ၁၈၉၀ ခုနှစ် အစောပိုင်းတုန်းက စတင်တည်ဆောက်ခဲ့ပြီး ၁၉၀၆ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။
New Croton ဆည်ကြီး ဟာ မိသားစု အပန်းဖြေဖို့သာမက ရင်ခုန်စရာ နေ့စွဲတွေအတွက် ပြီးပြည့်စုံတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
အဆိုပါ ဆည်ကြီးဟာ မယုံနိုင်လောက်အောင် စိတ်ဝင်စားစရာကောင်းတဲ့ အင်ဂျင်နီယာဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး လက်လွတ်မခံရမည့် မြင်ကွင်းတစ်ခုလည်း ဖြစ်ပါတယ်။
ဂြိုလ်သားတွေရဲ့ ပုံစံနဲ့ ဆင်တူတဲ့ အော်လန်ဒို အပြည်ပြည်ဆိုင်ရာလေဆိပ်အကြောင်း
အော်လန်ဒိုအပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ငှက်မျက်လုံး ပုံစံမြင်ကွင်းဟာ Men In Black (MIB) ရုပ်ရှင်ထဲက သတ္တဝါတစ်ကောင်နှင့် ဆင်တူပါတယ်။

လေဆိပ်ဟာ အော်လန်ဒိုကိုဖြတ်သွားတဲ့ ခရီးသည်များအတွက် အဓိကအချက်အချာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် ဇွန်လတုန်းက ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားများအရ လေဆိပ်ဟာ နှစ်စဉ်ခရီးသည် သန်း ၄၀ ခန့် ဝန်ဆောင်မှုပေးလျက်ရှိတယ်ဟု သိရပါတယ်။
အော်လန်ဒို အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ခရီးသည်များဟာ ဒီဂြိုလ်သားပုံစံ တည်ဆောက်ပုံကို မကြောက်တဲ့ပုံ ရပါတယ်။
ပေ ၁၂၀ ရှည်လျားတဲ့ သံမဏိဘောင်ကို သယ်ယူခြင်း
တွဲဆွဲထရပ်ကားနဲ့ သယ်လာတဲ့အထဲမှာ ကျွန်ုပ်တို့မြင်ဖူးသမျှ အရှည်ဆုံးအရာက ဘာဖြစ်မလဲ။
ယာဉ်မောင်းတစ်ဦးက ဗာဂျီးနီးယား၊ Roanoke မှ ဧရာမသံမဏိဘောင်ကို သယ်ယူလာတဲ့ တွဲဆွဲ ထရပ်ကား ဖြတ်သွားတာကို တွေ့လိုက်ရပါတယ်။ ဘောင်တန်းအရှည်ကို ယာဉ်မောင်းအား မေးမြန်းခဲ့ရာ ပေ ၁၂၀ (၃၆ မီတာ) ရှည်ကြောင်း သိခဲ့ရပါတယ်။

အဆိုပါ သံမဏီဘောင်ကို လျှိုမြောင် ကူးတံတားအတွက် အသုံးပြုမည့် West Virginia အတွက် ရည်ရွယ်ထားကြောင်း သိရပါတယ်။
အဆိုပါ ပစ္စည်းဟာ သယ်ယူရလွယ်ကူတဲ့ အရာမဟုတ်ပါဘူး။ တွဲဆွဲ ထရပ်ကား မောင်းသူရဲ့ ပြောကြားချက် အရတော့ ဖုန်ထူတဲ့ လမ်းတွေပေါ်မှာ မောင်းနှင်သောအခါမှာ အထူးခက်ခဲခဲ့တယ်ဟု သိရပါတယ်။
“ကမ္ဘာတစ်ဝှမ်းမှာ စိတ်ဝင်စားစရာ အကောင်းဆုံး အင်ဂျင်နီယာ ဒီဇိုင်းများ ၁”
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။