Stratolaunch မှ Roc ဆိုတဲ့ ဒီလေယာဉ်ကြီးကို ကမ္ဘာ့ကျော် Microsoft ကုမ္ပဏီ၏ ပူးတွဲ တည်ထောင်သူ တယောက်ဖြစ်တဲ့ Paul Allen က ဒီဇိုင်းဆွဲခဲ့တာ ဖြစ်ပါတယ်။
ဒီလို အထူး ဒီဇိုင်းဆွဲ တည်ဆောက်ထားတဲ့ လေယာဉ်ကြီးဟာ တောင်ပံ အကျယ် ၃၈၅ ပေရှိပြီး ကမ္ဘာ့အကြီးဆုံး လေယာဉ် ဖြစ်လာပေမယ့် လေဆိပ်တွေမှာတော့ တွေ့ရမှာ မဟုတ်ပါဘူး။
အကြောင်းကတော့ ဒီလေယာဉ်ဟာ လူတွေ သယ်ဆောင်ဖို့ မဟုတ်ဘဲ ဟိုက်ပါဆိုးနစ် အမြန်နှုန်းရှိတဲ့ ရော့ကတ်ဒုံးပျံတွေကို လွှတ်တင်ဖို့အတွက် အထူး ဒီဇိုင်းဆွဲ ထားတာကြောင့် ဖြစ်ပါတယ်။

Image: Courtesy of Stratolaunch Systems
ပုံသဏ္ဍာန်
လေယာဉ်ဟာ ခေါင်း နှစ်လုံးတွဲ ပုံစံနှင့် တည်ဆောက်ထားတာ ဖြစ်ပြီး ရှေ့မှ ကြည့်ပါက ညာဘက်တွင်ရှိသည့် ခေါင်းတွင် လေယာဉ်မှူးခန်း ပါရှိတာ ဖြစ်ပါတယ်။
Code name “Roc” နှင့် Stratolaunch ၏ လေယာဉ်ကြီးဟာ ကိုယ်ထည် ၂ ခုတွဲဖြစ်ကာ အရှည် ၂၃၈ ပေ ရှိပြီး အမြင့် ပေ ၅၀ ရှိတဲ့ အတွက် တည်ဆောက်ခဲ့သမျှ လေယာဉ်များထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။
အမြင့်ဆုံး ပျံတက်နိုင်သည့် အလေးချိန်မှာ ပေါင်ချိန် ၁.၃ သန်း (တန် ၆၅၀) လောက်ရှိပြီး လေယာဉ်တွင် ဘီးပေါင်း ၂၈ ဘီးအထိ တပ်ဆင်ထားပါတယ်။

Image: Courtesy of Stratolaunch Systems
ကိုယ်ထည် ၂ ခုပေါင်းတွင် အဓိက အဆင်းဂီယာ ဘီးပေါင်း ၁၂ စုံ ပါရှိပြီး ရှေ့ပိုင်းတွင် ၂ စုံ တပ်ဆင်ထားတာ ဖြစ်ပါတယ်။
ဒီကြီးမားလှတဲ့ လေယာဉ်ကြီးကို Mojave လေကြောင်းနှင့် အာကာသ စခန်း တွင် တည်ဆောက်ခဲ့တာဖြစ်ပြီး ၎င်းရပ်နားရာ လေယာဉ်ရုံကြီးဟာ ၈၈,၀၀၀ စတုရန်းပေ လောက်အထိရှိပါတယ်။
စမ်းသပ်မှု
၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှာ Roc တွင် အသုံးပြုသည့် Pratt & Whitney PW4056 turbofan အင်ဂျင် ၆ လုံးကို စမ်းသပ်မှု အဆင့်ဆင့် ပြုလုပ်ခဲ့ရာ မျှော်လင့်ထားသည့် အတိုင်း အောင်မြင်ခဲ့ပါတယ်။

Image: Courtesy of Stratolaunch Systems
ဒါ့အပြင် လောင်စာဆီ စမ်းသပ်မှု၊ လျှပ်စစ်စွမ်းအင် စနစ်များ၊ လေဖိအားစနစ်များ နှင့် မီးဘေး သတိပေး စနစ်များကိုလည်း စမ်းသပ် ပြီးစီးခဲ့ပါတယ်။
Stratolaunch ၏ ပထမဆုံး စမ်းသပ်ပျံသန်းမှုကို ၂၀၁၉ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ မနက်အစောမှာ Mojave ကန္တာရအတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူအများက ကြည့်ရှူခဲ့ကြပါတယ်။
အဲဒီ့ စမ်းသပ်မှုအတွင်းမှာ Roc ၏ လေယာဉ်မှူးဟာ အမြင့်ပေ ၁၇,၀၀၀ လောက်အထိ တက်ရောက်ကာ လေယာဉ်၏ စွမ်းဆောင်ရည်များကို ပြသခဲ့ပြီး ပုံစံ မျိုးစုံဖြင့် ပျံသန်းခဲ့ပါတယ်။

Image: Courtesy of Stratolaunch Systems
ပထမဆုံး စမ်းသပ်ပျံသန်းခဲ့စဉ်မှာ လေယာဉ်ဟာ အမြန်နှုန်း တနာရီလျှင် ၁၈၉ မိုင်နှုန်းအထိ ရောက်ရှိအောင် ပျံသန်းနိုင်ခဲ့ပါတယ်။
ပျံသန်း သရုပ်ပြမှု မျိုးစုံကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကာ ကောင်းကင်တွင် ၂ နာရီခွဲလောက် ပျံသန်း အပြီး ဆင်းသက်ခဲ့ကာ စမ်းသပ်မှုကို အဆုံးသတ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က စမ်းသပ်မှုမှာတော့ အကြီးအကျယ် အောင်မြင်မှုများ ထပ်မံရရှိခဲ့ပြီး ပျံသန်းချိန် ၃ နာရီနှင့် ၁၄ မိနစ်အထိ ရှိခဲ့ပါတယ်။

Microsoft ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သူ Paul G. Allen Image: Courtesy of Paul G. Allen
ဒါပေမယ့် Stratolaunch မှာ နောက်ထပ် စမ်းသပ်စရာတွေ များစွာ ကျန်ရှိနေသေးပြီးတော့ ရည်မှန်းချက်ဖြစ်တဲ့ ရော့ကတ်ဒုံးပျံတွေ လွှတ်တင်ဖို့ အတွက် အချိန်ယူရဦးမှာပါ။
၂၀၂၂ ခုနှစ် ဇွန်လမှာတော့ Roc ဟာ ပျံသန်းချိန် ၃ နာရီ အတွင်းမှာ တမိနစ်ခန့် အမြင့်ပေ ၂၇,၀၀၀ အထိ ပျံသန်း ရောက်ရှိ နိုင်ခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့သည့် စမ်းသပ်မှုက အမြင့်ပေ ၁,၇၀၀၀ ထက် များစွာ မြင့်မားတဲ့အတွက် ကြီးမားတဲ့ တိုးတက်လာမှု တခုပဲ ဖြစ်ပါတယ်။

ဒုံးပျံ ပစ်လွှတ်ပုံ သရုပ်ပြ Image: Courtesy of Stratolaunch Systems
“Stratolaunch ဟာ အာကာသဆီကို ရောက်ရှိဖို့အတွက် လိုအပ်သည့် စိတ်ချရမှုကို ရရှိစေနိုင်မယ့် ဝေဟင် ပျံသန်းသည့်ယာဉ်များနှင့် နည်းပညာများကို ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ လေ့လာနိုင်စေမှာ ဖြစ်တယ်” လို့ Stratolaunch ၏ ပြောရေးဆိုခွင့်ရှိသူ Art Pettigrue က SpaceNews သို့ပြောပါတယ်။
အသုံးချမည့် ပုံစံ
Stratolaunch ဟာ Roc ၏ ကိုယ်ထည် ၂ ခု အကြားတွင် ရော့ကတ်ဒုံးပျံ အရေအတွက် ၃ ခု အထိ တင်ဆောင်ပစ်လွှတ် ပေးနိုင်အောင် ဒီဇိုင်းဆွဲ ထားတာ ဖြစ်ပါတယ်။
ပထမဆုံး ပစ်လွှတ်မည့် ကနဦး စမ်းသပ်မှုမှာတော့ Orbital ATK မှ တည်ဆောက်ထားသည့် Pegasus XL ဒုံးပျံ တစ်ခုထဲကိုသာ ပစ်လွှတ်မှာ ဖြစ်ပါတယ်။

Hyper-Z ဟိုက်ပါဆိုးနစ်ယာဉ် ပုံစံ Image: Courtesy of Stratolaunch Systems
လေယာဉ်ကြီးဟာ အမြင့်ပေ ၃၅,၀၀၀ လောက်အထိ အကြမ်းဖျင်း ပျံတက်သွားမှာ ဖြစ်ကာ ဒုံးပျံကို လေယာဉ်မှ လွှတ်တင်ပြီးနောက်မှာ ဒုံးပျံမှ ၎င်း၏ ကိုယ်ပိုင် ဒုံးအင်ဂျင်နှင့် ဆက်လက် ပျံသန်းမှာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့တဲ့ American Institute of Aeronautics and Astronautics Space ကွန်ဖရန့်စ် မှာတော့ အသံထက် ၁၀ ဆ လောက်မြန်တဲ့ Hyper-Z လို သုတေသန ဟိုက်ပါဆိုးနစ်ယာဉ်များကို Roc နှင့် အတူ လွှတ်တင်ဖို့ ကိစ္စတွေ အသေးစိတ် ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် Hyper-Z ထုတ်လုပ်နိုင်ဖို့ ကြိုးစားမှုကို ၂၀၁၉ အစောပိုင်းမှာ ရပ်တန့်ခဲ့ပြီး Stratolaunch ရဲ့ ပြောခွင့်ရ Art Pettigrue မှ Hyper-Z ဟာ ကုမ္ပဏီရဲ့ အနာဂါတ် ဦးတည်မှုအပေါ် ထင်ဟပ်မှု ဖြစ်ချင်လည်း ဖြစ်လိမ့်မယ် သို့မဟုတ် ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ် လို့ ဆိုပါတယ်။

Talon-A1 ပုံစံ Image: Courtesy of Stratolaunch Systems via Asiatimes
လက်ရှိမှာတော့ Stratolaunch ဟာ အသံထက် ၆ ဆ လောက်မြန်တဲ့ Talon-A ၏ testbed ယာဉ်များကို စမ်းသပ်နေပြီး Talon A-0 နှင့် Talon A-1 ဆိုပြီး ၂ စင်း ထုတ်လုပ်ထားပါတယ်။
Talon A များဟာ ပြန်လည် အသုံးပြုနိုင်သည့် ဟိုက်ပါဆိုးနစ် ယာဉ်များဖြစ်ပြီး တောင်ပံ အကျယ် ၃၈ ပေ ရှိကာ အရှည် ၁၁.၃ ပေလောက် ရှိပါတယ်။
၎င်းတို့ဟာ လေယာဉ်မှ ပစ်လွှတ်ပြီးနောက်မှာ ဟိုက်ပါဆိုးနစ် အမြန်နှုန်း အသံထက် ၅ ဆ လောက်နှင့် ပျံသန်းနိုင်ကာ အလို အလျှောက် ပြန်လည်ဆင်းသက်နိုင်ပါတယ်။

Talon-AO ပုံစံ Image: Courtesy of Stratolaunch Systems via Asiatimes
Talon-A ဟိုက်ပါဆိုးနစ် ရှေ့ပြေးယာဉ်များကိုတော့ ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် စမ်းသပ်မှုများ စတင်ဖို့ လုပ်ဆောင်ထားပြီး မကြာခင် မှာ ပျံသန်းမှုတွေ လုပ်ဆောင် နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ကုမ္ပဏီဟာ လက်ရှိတွင် ပြန်လည် အသုံးပြုနိုင်သည့် ဟိုက်ပါဆိုးနစ်ယာဉ်သစ် TA-2 ကိုလည်း ဆက်လက် ထုတ်လုပ်နိုင်ဖို့ လုပ် ဆောင်နေပါတယ်။
လက်ရှိမှာတော့ ကုမ္ပဏီဟာ မကြာသေးမီကဘဲ TA-0 ၏ စမ်းသပ်ယာဉ်ကို တရားဝင် ပြသနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကုမ္ပဏီဟာ Roc လေယာဉ်ကြီးမှ Talon-A ကို ချိတ်ဆွဲပြီး ပျံသန်းနိုင်ဖို့အတွက် အလုပ်များလျက် ရှိနေပါတယ်။

Image: Courtesy of Domenic Moen/Stratolaunch
အလူမီနီယံနှင့် ကာဗွန်ဖိုက်ဘာတို့ ပေါင်းစပ် ပြုလုပ်ထားတဲ့ ချိတ်ဆွဲနေရာဟာ ပေါင် ၈,၀၀၀ လောက်ရှိမည့် Talon-A ကို မ တင်ကာ ကိုယ်ထည်၏ အလယ်ပိုင်းတွင် ၁၄ ပေလောက် နေရာယူထားမှာ ဖြစ်ပါတယ်။
Startolaunch ဟာ ၎င်း၏ လေယာဉ်ကြီးကို ၂၀၂၃ ခုနှစ်တွင် အစိုးရနှင့် အရပ်ဖက် ဝယ်ယူသူများအတွက် ဟိုက်ပါဆိုးနစ် စမ်းသပ်မှု ဝန်ဆောင်မှုများကို စတင်သွားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
Roc လေယာဉ်ကြီးဟာ အာကာသ မစ်ရှင်များ အတွက်သာမက တရုတ်၊ ရုရှားတို့နှင့် ဟိုက်ပါဆိုးနစ် လက်နက်များ ပြိုင်ဆိုင်မှုတွင် အမေရိကန်အနေဖြင့် အနိုင်ရနိုင်ဖို့အတွက် အကူအညီတွေ ပေးစွမ်း နိုင်ဖွယ် ရှိပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 18/6/2022