တရုတ်နိုင်ငံဟာ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ ပို့ဆောင်ရေးနှင့် ကင်းထောက် မစ်ရှင်တွေမှာ ကူညီဖို့အတွက် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်စွမ်းအင်သုံး ခြေလေးချောင်း ဇီဝစက်ရုပ်ကို တီထွင်လိုက်ပါတယ်။
အဆိုပါ စက်ရုပ်ကို 2025 ခုနှစ်မှာ စက်ရုပ်လောက ကမ္ဘာ့ ထိပ်တန်း ဖြစ်လာဖို့ တရုတ်နိုင်ငံရဲ့ နောက်ဆုံး တွန်းအားပေးမှု အ ဖြစ် ထွက်ပေါ်လာပြီး စစ်ဘက်ဆိုင်ရာတွေမှာ အသုံးပြုဖို့လည်း ရည်ရွယ်ထားတယ်ဟု သိရပါတယ်။
လက်ရှိမှာတော့ အဆိုပါ စက်ရုပ်ကို “yak” လို့ အမည်ပေးထားပါတယ်။
ခြေထောက်လေးချောင်းနဲ့ လမ်းလျှောက်ပြီး တိဗက် နွားရိုင်းတစ်ကောင်လို အသွင်အပြင်ကို ကြွားလုံးထုတ်ထားတဲ့ အဆိုပါ စက်ရုပ်ဟာ ကြီးမားသည်သာမက ထက်မြက်ပြီး အံ့သြစရာကောင်းလောက်အောင်လည်း သွက်လက်ပါတယ်။

ရှေ့နှင့်နောက်သို့ ရွေ့လျား နိုင်ပြီး ခုန်ခြင်း၊ ပြေးခြင်း၊ လှည့်ခြင်း၊ ထောင့်ဖြတ် လမ်းလျှောက်ခြင်း ကဲ့သို့သော မျှော်လင့် မထားတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်နိုင်ပါတယ်။
အဆိုပါ စက်ရုပ်ဟာ ပေါင် 350 (160 ကီလိုဂရမ်) အထိ သယ်ဆောင်နိုင်လောက်အောင် သန်မာပြီး တစ်နာရီလျှင် 6 မိုင် (10 ကီလိုမီတာ) နှုန်းဖြင့် ပြေးနိုင်ပါတယ်။
စက်ရုပ်ဟာ လမ်းလျှောက်တဲ့အခါ အရွယ်ရောက်ပြီးလူတယောက် အရပ်၏ ထက်ဝက်ကျော် မြင့်ပြီး အရှည်ကတော့ ၎င်းရဲ့အမြင့်ထက် နှစ်ဆခန့် ရှိပါတယ်။
၎င်းရဲ့ ပူးတွဲ module ၁၂ စုံကြောင့် တဟုန်ထိုး ပြေးတာတွေ ၊ ဒိုက်ထိုးတာတွေ နှင့် အမြင့်သို့ ခုန်တက်တာတွေ လုပ်ဆောင်နိုင်ပါတယ်။
အဆိုပါ ခြေလေးချောင်း ဇီဝစက်ရုပ်မှာ ပတ်ဝန်းကျင်မြေပြင် နှင့် အဆက်အသွယ်မပြတ်စေဖို့ အာရုံခံကိရိယာတွေလည်း တပ်ဆင်ထားပါတယ်။

၎င်းဟာ လှေကားထစ်တွေ၊ ကတုတ်ကျင်းတွေနှင့် ချောက်ကမ်းပါးတွေ၊ ရွှံ့လမ်းတွေ၊ မြက်ခင်းပြင်တွေ၊ သဲကန္တာရတွေနှင့် နှင်းလွင်ပြင်တွေ အပါ အဝင် အမျိုးမျိုးသော မြေပြင်အနေအထားများနှင့်လည်း လိုက်လျောညီထွေသွားလာနိုင်ပါတယ်။
အဆိုပါ စက်ရုပ်ကို ဝေးလံခေါင်သီတဲ့ နယ်စပ် ဒေသတွေ နှင့် အန္တရာယ်များတဲ့ တိုက်ပွဲဇုန်တွေ အပါအဝင် လူသားတွေ အ တွက် စိန်ခေါ်မှုများလွန်းတဲ့ ပတ်ဝန်းကျင်မြေပြင် ထောက်လှမ်းမှုဆိုင်ရာ မစ်ရှင်တွေမှာ အသုံးပြုဖို့ မျှော်လင့်ထားကြောင်း China Central Television (CCTV) မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ‘ yak’ လို့ခေါ်တဲ့ လျှပ်စစ်စွမ်းအင်သုံး ခြေလေးချောင်း ဇီဝစက်ရုပ်အပြင် တရုတ်နိုင်ငံဟာ Geda ဟုခေါ်တဲ့ ဇီဝစက်ရုပ်ခွေးကိုလည်း တီထွင်ခဲ့ပါတယ်။
ဒီစက်ရုပ်ခွေးလေးဟာ တကယ့်ခွေးတစ်ကောင်ရဲ့ အရွယ်အစားလောက်ရှိပြီး ပေါင် 70 (32 ကီလိုဂရမ်) အလေးချိန်ရှိကာ ကုန်ပစ္စည်း 88 ပေါင် (40 ကီလိုဂရမ်) အထိ တင်ဆောင်နိုင်ပါတယ်။

Geda ဟာ ရိုးရှင်းတဲ့ အသံအမိန့်ပေးချက်တွေကို နားလည်ဖို့နှင့် မျက်နှာမှတ်သားမှုကို အသုံးပြုနိုင်ဖို့ ပရိုဂရမ် ဆွဲထားတာ ဖြစ်ပါတယ်။
သစ်တောတွေ၊ ကျောက်ဆောင်လမ်းကြမ်းတွေ ၊ ကျဉ်းမြောင်းတဲ့လမ်းတွေနှင့် ပျဉ်ခင်းတံတားတွေကိုလည်း အောင်မြင်ခဲ့စွာ သွားလာနိုင်ကြောင်း CCTV မှထုတ်ပြန်ချက်မှာ သိရပါတယ်။
ယခုဆိုရင် တရုတ်နိုင်ငံဟာ နောက်ထပ် ဇီဝစက်ရုပ်အမျိုးအစားများကို ဆက်လက်ဖန်တီးနေပြီး တိုက်ခိုက်ကာကွယ်ရေးဆိုင်ရာအသုံးချမှုတွေမှာ ၎င်းတို့ရဲ့အားသာချက်တွေကို အသုံးပြုနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။