ကမ္ဘာကျော် BSA မော်တော်ဆိုင်ကယ်တွေ ပြန်လည် မြင်တွေ့ရတော့မယ့် အကြောင်း

News Tech

မြန်မာနိုင်ငံမှာ BSA ဆိုင်ကယ်လို့ ပြောလိုက်ရင် တော်တော်များများ သိဖူး ကြားဖူး ကြမှာပါ။

အချို့ နေရာများ၊ ဆိုင်များ နှင့် ရှေးဟောင်း ပစ္စည်း မြတ်နိုး စုဆောင်းသူများမှာ ယနေ့ အချိန်အထိ နာမည်ကျော် BSA ဆိုင်ကယ်များကို အမြတ်တနိုး သိမ်းဆည်းထားဆဲ ဖြစ်ပါတယ်။

၁၉၅၀ နှင့် ၆၀ ခုနှစ်များအတွင်း BSA ဟာ ကမ္ဘာ့ထိပ်တန်း မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် ကုမ္ပဏီများထဲက တခုဖြစ်ခဲ့ကာ ၁၉၇၂ ခုနှစ်မှာတော့ ဒေဝါလီခံ ခဲ့ပါတယ်။

ဒေဝါလီခံအပြီး ရာစုဝက်နီးပါး အကြာမှာတော့ BSA မော်တော်ဆိုင်ကယ် ကုမ္ပဏီကို အိန္ဒိယ နိုင်ငံရဲ့ Mahindra & Mahindra မှ အင်္ဂလန်တွင် ဆောက်လုပ်ဆဲ စက်ရုံတခုဖြင့် ပြန်လည် အသက်သွင်းတော့မှာ ဖြစ်ပါတယ်။

BSA Motorcycles Ltd ဟာ တွတ်စ်တာတွင် အကောင့်သစ်တခု ဖွင့်လှစ်ပြီး ပထမဆုံး အနေဖြင့် BSA ပြန်လာပြီ ဆိုသည့် hash tag ဖြင့် post တခုတင်ကာ စတင်လိုက်ပါတယ်။

Mahindra & Mahindra ဟာ Peugeot Mortorcycles ကုမ္ပဏီ နှင့် Jawa မော်တော်ဆိုင်ကယ် ကုမ္ပဏီ တို့၏ အများစုကို ပိုင်ဆိုင်ထားသည့် အိန္ဒိယ ကုမ္ပဏီကြီး တခုပါ။

၎င်းဟာ ပြန်လည် အသက်သွင်းဖို့ ရည်ရွယ်ထားတဲ့ Jawa နှင့် သမိုင်းဝင် အိန္ဒိယ အမှတ်တံဆိပ် Yezdi တို့နှင့်အတူ ၎င်း၏ လုပ်ငန်းခွဲဖြစ်သည့် Classic Legends ၏ လက်အောက်ခံ အဖွဲ့ခွဲ တခုအနေဖြင့် BSA ကို ၂၀၁၆ ခုနှစ်က ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံး BSA မော်တော်ဆိုင်ကယ်သစ်ကို ယခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ စနေနေ့မှာ အင်္ဂလန် ဘာမင်ဂန်ရှိ မော်တော်ဆိုင်ကယ် တိုက်ရိုက်ပြပွဲတွင် ထုတ်ဖော်ပြသဖို့ စီစဉ်ထားပါတယ်။

ယခုလို အချိန်နှင့် နေရာ ရွေးချယ်မှုဟာလည်း ၎င်း၏ ကိုယ်ပိုင်အရ အရေးပါမှု ရှိပါတယ်။

အကြောင်းကတော့ BSA ဟာ ၎င်းရဲ့ ပထမဆုံး မော်တော်ဆိုင်ကယ်ကို ယခုလို လပိုင်းနှင့် သိပ်မကွာတဲ့ ၁၉၁၀ ခုနှစ် နိုဝင်ဘာလ ၂၁ မှာ စ တင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ၎င်း၏ သမိုင်းဝင် ရုံးချုပ်ဟာ မော်တော်ဆိုင်ကယ် တိုက်ရိုက်ပြပွဲ နှင့် စက်ရုံတို့နဲ့ သိပ်မဝေးလှတဲ့ ဘာမင်ဂန် အရှေ့ဘက် ဆင်ခြေဖုံးရှိ Small Heath တွင် တည်ရှိတာမလို့ပါ။

ဆိုင်ကယ်သစ်နှင့် ပတ်သက်လို့ Triumph Bonneville ပုံစံ ဂန္တဝင် ဒီဇိုင်း ဖြစ်နိုင်မယ်လို့ အိန္ဒိယဘက်မှ ယုံကြည်ရသည့် သတင်းနှင့် ၆၅၀ စီစီ ဆလင်ဒါတလုံးတပ် အင်ဂျင်ကို အသုံးပြုမယ်လို့ ဆိုတဲ့ မူလရင်းမြစ် မသိရတဲ့ သတင်းများမှ လွဲပြီး အခြား အချက်အလက်များ ရရှိထားခြင်း မရှိသေးပါဘူး။

Jawa မော်တော်ဆိုင်ကယ် အမှတ်တံဆိပ်မှတော့ Jawa 300 CL ကို မိတ်ဆက်ပေးခဲ့ကာ ၃၀၀ စီစီ အင်ဂျင်ကို တပ်ဆင်ထားပြီး ဥရောပ ကာဗွန်ထုတ်လွှတ်မှု စံနှုန်းဖြင့် ထုတ်လုပ်ထားသည့် Euro 5 spec နှင့်ပါ ရရှိနိုင်နေပြီ ဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ ဘာမင်ဂန်တွင် ပြုလုပ်မည့် ပြပွဲအတွက် နမူနာ ဓာတ်ပုံမှာတော့ BSA အမှတ်တံဆိပ် ၏ အမွေအနှစ် ဖြစ်သည့် classic roadster ပုံစံကို အရိပ်အမြွက် ပြသထားပါတယ်။

မဝေးတော့တဲ့ အနာဂါတ်မှာတော့ BSA ဟာ လျှပ်စစ် စွမ်းအင်သုံး မော်တော်ဆိုင်ကယ်များကို ထုတ်လုပ်တော့မှာဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှု သုညအထိရှိတဲ့ ယာဉ်များ ထုတ်လုပ်နိုင်ဖို့ အစိုးရက ယူရို ၄.၆ သန်း (အမေရိကန် ဒေါ်လာ ၆.၁ သန်း) ထောက်ပံ့ငွေပေးအပ် ထားပါတယ်။

Triumph နှင့် Norton တို့ဖြင့် BSA ကုမ္ပဏီဟာ ပြန်လည် ရောက်ရှိ လာသည်နှင့် အတူ ၂၀၂၂ ခုနှစ်မှာ အင်္ဂလန် မော်တော်ဆိုင်ကယ် လုပ် ငန်း ဟာ ၎င်း၏ ဂန္တဝင် အမှတ်တံဆိပ် ၃ ခု၏ စီးရီး အသစ်များဖြင့် ပြန်လည် တောက်ပလာဦးမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *