လက်ရှိ အချိန်အထိ ဗိုလ်စွဲထားတဲ့ ကမ္ဘာ့အမြန်ဆုံး မောင်းသူမဲ့လေယာဉ် အကြောင်း

History Knowledge

ကမ္ဘာပေါ်တွင် စစ်ဘက်ဆိုင်ရာ မောင်းသူမဲ့လေယာဉ် အမျိုးအစားပေါင်း များစွာ ထွက်ရှိလာပြီးနောက်မှာ နည်းပညာဟာလည်း တဟုန်ထိုး တိုးတက်လာနေပြီ ဖြစ်ပါတယ်။

အစိုးရများနှင့် နည်းပညာ ကုမ္ပဏီများဟာလည်း အဆိုပါ မောင်းသူမဲ့လေယာဉ်များ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများတွက် အချိန်နှင့် ငွေတွေကို ပုံအောသုံးစွဲနေကြတာ အံ့မခန်းလောက်စရာပဲ ဖြစ်ပါတယ်။

ရေဒါပျောက်စွမ်းဆောင်ရည်တွေ၊ ကင်းထောက်နိုင်စွမ်းတွေ၊ တိုက်ခိုက်နိုင်စွမ်းတွေများစွာ နှင့် အဆင့်အမြင့်ဆုံး နည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ မောင်းသူမဲ့လေယာဉ်တွေမှာ အမြန်နှုန်းဟာလည်း အရေးကြီးပါတယ်။

အမြန်ဆုံး မောင်းသူမဲ့လေယာဉ်များတွင် ဥပမာတခုကို ပြပါဆိုရင် လက်ရှိ ကမ္ဘာပေါ်မှာ အမြန်ဆုံးဖြစ်တဲ့ ဟိုက်ပါဆိုးနစ် အမြန်နှုန်းဖြင့် ပျံသန်းနိုင်တဲ့ X-43A ကို ပြရမှာပဲ ဖြစ်ပါတယ်။

X-43A အား ချိတ်ဆွဲသယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် B-52B

X-43A ကို အမေရိကန် အမျိုးသား လေကြောင်းနှင့် အာကာသ စီမံခန့်ခွဲရေး NASA မှ ဖန်တီး ထုတ်လုပ်ထားတာ ဖြစ်ကာ Hyper-X စီမံ ကိန်းမှ ဆင်းသက်လာတာ ဖြစ်ပါတယ်။

Alliant Techsystems, Inc လို့ ယခု သိကြတဲ့ MicroCraft, Inc က အဆိုပါ ၁၂ ပေ အရှည်ရှိကာ ပေါင် ၃ ထောင်လောက် အလေးချိန်ရှိတဲ့ X-43A များကို ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံး ပျံသန်းမှုကို ၂၀၀၁ ခုနှစ် ဇွန်လမှာ ပြုလုပ်ခဲ့ပြီး ရော့ကတ် အမြင့်သို့ တွန်းတင်မည့် ရော့ကတ် booster ကို တွက်ချက်မှုမှာ အတိ အကျမဟုတ်ဘဲ လိုတာထက်ပိုမိုပြီး တွက်ချက် ထုတ်လုပ်ထားသောကြောင့် ချွတ်ယွင်းမှုဖြစ်ကာ စောစောစီးစီး ပျက်စီးသွားပါတယ်။

သို့ပေမယ့် အဆိုပါ မောင်းသူမဲ့လေယာဉ်ဟာ ၂၀၀၅ ခုနှစ်မှ စတင်ပြီး ဂင်းနစ်မှတ်တမ်းမှ ကမ္ဘာ့ စံချိန်များကို ဆက်တိုက် ချိုးဖျက်လာကာ တနာရီလျှင် မိုင် ၇,၀၀၀ (၁၁,၂၆၅ ကီလိုမီတာ) အမြန်နှုန်းလောက် အထိ ရောက်ရှိလာခဲ့ပြီး ဖြစ်ပါတယ်။

ဒီအမြန်နှုန်းဟာ အသံထက် ၈ ဆ ထက် ပို မြန်တဲ့ အမြန်နှုန်းဖြစ်လို့ အမြန်ဆုံး မောင်းသူမဲ့ လေယာဉ်တစင်း ဖြစ်နေတာ မဆန်းပါဘူး။

Scramjet အင်ဂျင် အလုပ်လုပ်ပုံ Image: Courtesy of NASA

လေကို ဖိသိပ်ဖို့ ပန်ကာများကို အသုံးပြုတဲ့ သာမန် ဂျက်အင်ဂျင်များနှင့် မတူတာကတော့ X-43A ဟာ ရှေ့သို့ ပျံသန်းရွေ့လျားနေစဉ်မှာ အသံထက်မြန်တဲ့ လေကို အင်ဂျင်ရဲ့ လောင်ကျွမ်းခန်းထဲသို့ စီးဆင်းခွင့်ပြုတဲ့ scramjet အင်ဂျင်ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။

Scramjet ဟာ ramjet အင်ဂျင်၏ ပိုမို တိုးတက်လာတဲ့ ဂျက်အင်ဂျင် အမျိုးအစား ဖြစ်ပြီး အခေါ်အဝေါ်၏ အရှည်မှာ supersonic-combustion ramjet ဖြစ်ပါတယ်။

ramjet ဟာ အင်ဂျင်လောင်ကျွမ်းခန်းသို့ လေကို အသံအလျင်အောက် (subsonic) သာ စီးဆင်းစေပါတယ်။

မြင်သာသည့် ramjet အင်ဂျင်ကို အသုံးပြုထားသည့် မောင်းသူမဲ့လေယာဉ်မှာ Lockheed မှ ထုတ်လုပ်သည့် D-21 ပဲဖြစ်ပါတယ်။

အခြားဂျက်အင်ဂျင် အလုပ်လုပ်ပုံကို “ဂျက်တိုက်လေယာဉ်များတွင် အသုံးပြုသည့် Afterburner စနစ် ဆိုသည်မှာ” ခေါင်းစဉ်ဖြင့် ဆောင်း ပါး အတွင်းမှာ အကျဉ်းချုံး ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

D-21 မောင်းသူမဲ့လေယာဉ် Image: Courtesy of Wiki Commons

X-43A ဟာ နည်းပညာအရ မောင်းသူမဲ့လေယာဉ်တစီး ဖြစ်ပေမယ့် ၎င်းဟာ လေထဲကို ရောက်ရှိဖို့ရာ အတွက်တော့ အကူအညီ အနည်း ငယ် လိုအပ်ပါသေးတယ်။

NASA အနေဖြင့် X-43A ကို လေပေါ် ရောက်ရှိနိုင်ဖို့ရာအတွက် ပိုမို ကြီးမားသည့် လေယာဉ်ကြီးတစင်းကို အသုံးပြုကာ ကောင်းကင်ပေါ်အရောက်တွင် လေယာဉ်မှ ဖြုတ်ချသည့် ပုံစံကို အသုံးပြုတာ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ အဆိုပါ ဟိုက်ပါဆိုးနစ် မောင်းသူမဲ့ လေယာဉ်များနှင့် ဒုံးပျံများကို လွှတ်တင်နိုင်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ လေယာဉ်ကြီးတွေ စမ်းသပ်နေပါတယ်။

ယခင် X-43 အား B-52B လေယာဉ်ကြီးပေါ်မှ ဖြုတ်ချလိုက်သည့် ပုံ Image: Courtesy of Wiki Commons

ဟိုက်ပါဆိုးနစ် ဒုံးပျံများနှင့် မောင်းသူမဲ့လေယာဉ်များကို တင်ဆောင်နိုင်မယ့် ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီး အကြောင်းကိုလည်း “ကိုယ်ထည် ၂ ခုနှင့် ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီး ဖြစ်တဲ့ Stratolaunch ၏ Roc အကြောင်း” ဆိုသည့် ခေါင်းစဉ်နှင့် ဖော်ပြပြီး ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှ ဖြုတ်ချပြီးတဲ့ နောက်မှာ X-43A ဟာ ၎င်း၏ Scramjet အင်ဂျင်ကို ဖွင့်ပြီး မောင်းနှင်ရမယ့် အမြင့်နှင့် အရှိန်ကို ရောက်တဲ့အထိ ပါလာသည့် booster ရော့ကတ်ကို အသုံးပြုပြီး ပထမဆုံး ပျံသန်း ရပါတယ်။

အဲဒီ့နောက်မှာတော့ Scramjet အင်ဂျင်ကို စတင်မောင်းနှင်ကာ အသံထက် များစွာ မြန်သည့် အလျင်ဖြင့် ပျံသန်းတာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ X-43A နှင့် တထပ်တည်းလောက်တူတဲ့ X-43D ကို ဖန်တီးပြီး အသံထက် ၁၅ ဆ လောက်အထိ ရောက်အောင် ပျံသန်းနိုင်ဖို့ အတွက် လုပ်ဆောင်ခဲ့ပေမယ့် ဖြစ်နိုင်ခြင်း ရှိမရှိ လေ့လာမှုကိုသာ Boeing မှ Donald B. Johnson နှင့် NASA မှ Jeffrey S. Robinson တို့က ပြုလုပ်ခဲ့ပါတယ်။

ဒါ့ကြောင့် ယနေ့အထိ တကယ် လက်တွေ့ကျကျ ပျံသန်းနိုင်တဲ့ ဟိုက်ပါဆိုးနစ် အမြန်နှုန်းရှိ မောင်းသူမဲ့ လေယာဉ်များထဲမှာ X-43A ဟာ အ မြန်ဆုံး အဖြစ် ဗိုလ်စွဲလျက် ရှိနေဆဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.