Batman မောင်းနှင်တဲ့ ကားဟာ DC fan တွေ အဖို့ကတော့ အရမ်းပိုင်ဆိုင်ချင်တဲ့ အရာတခု ဖြစ်မှာပါ။
ဒီလို Batman မောင်းတဲ့ Batmobile ကို တကယ် မောင်းနှင်လို့ရအောင် ပုံတူ ဖန်တီးထားတာတော့ အပြင်မှာ ရှိနေပါပြီ။
အဆိုပါ ကားကို ထုတ်လုပ်ဖို့အတွက် ဗီယက်နမ် နိုင်ငံ ဟနွိုင်း ဗိသုကာ တက္ကသိုလ်မှ ဘွဲ့ရကျောင်းသားဟောင်း တယောက်ဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် Nguyen Dac Chung ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
၎င်းနှင့်အတူ ဒီဇိုင်နာများ၊ ဗိသုကာပညာရှင်များ၊ မက္ကင်းနစ်များ နှင့် အင်ဂျင်နီယာများလည်း ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

Image: Courtesy of Nguyen Dac Chung/VAN DARYL
လျှပ်စစ်စွမ်းအင်သုံး Batmobile အား ဖန်တီးခြင်း
Batman ကားကို ဖန်တီးရာတွင် Christopher Nolan ၏ ကားကို ရွေးချယ်ရခြင်းရဲ့ အဓိကအချက်များကတော့ ဘက်စုံသုံးနိုင်ခြင်း၊ လမ်းကြမ်းမောင်းနှင်နိုင်ခြင်း နှင့် တင့်ကားကဲ့သို့ တောင့်တင်းသည့် ဒီဇိုင်း ရှိခြင်းတို့ကြောင့် ဖြစ်တယ်လို့ Nguyen Dac Chung က ဆိုပါတယ်။
ဒီကားကို ဖန်တီးဖို့ Nguyen နှင့် အဖွဲ့ဟာ မူလ Batmobile ၏ ဒီဇိုင်းကို အခြေခံပြီး တည်ဆောက်ခဲ့တာပါ။
တည်ဆောက်စဉ်မှာ abs ပလတ်စတစ်များ၊ သံမဏိ၊ ပေါင်းစပ်သတ္တုများ နှင့် ကာဗွန်ဖိုက်ဘာများ စတဲ့ သတ္တုနှင့် ပစ္စည်းမျိုးစုံကို အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။

Image: Courtesy of Nguyen Dac Chung/VAN DARYL
အဲဒီ့ထဲက အချို့တဝက်ကို ကိုယ်တိုင် handmade အနေဖြင့် ပြုလုပ်ထားတာဖြစ်ပြီး အချို့ကိုတော့ 3D printer ကို အသုံးပြုပြီး အတိအကျဖြစ်အောင် ထုတ်လုပ်ထားတာပါ။
၎င်းဟာ မြန်ဆန်စွာ မောင်းနှင်နိုင်ပေမယ့် အသုံးပြုထားတဲ့ ကိုယ်ထည်မှာ ပေါ့ပါးသဖြင့် စုစုပေါင်း အလေးချိန်ဟာ ၁,၃၀၀ ပေါင် လောက်သာ ရှိပါတယ်။
ပုံစံဟာ အလွန် ကြွားကြွားဝါဝါ ရှိသည့်အပြင် ပတ်ဝန်းကျင် ထိခိုက်စေသည့် ကာဗွန်ထုတ်လွှတ်မှု မရှိအောင် lithium-ion ဘတ္တရီ အခြေပြု လျှပ်စစ်စွမ်းအင်သုံး အင်ဂျင်ကို တပ်ဆင်ပေးထားပါတယ်။
အမြန်ဆုံးအနေဖြင့် တနာရီလျှင် ၆၅ မိုင်နှုန်း မောင်းနှင်နိုင်သည့်အတွက် တကယ့် ကားတစင်းရဲ့ ခံစားချက်အတိုင်း ခံစားရစေမှာပါ။

Image: Courtesy of Nguyen Dac Chung/VAN DARYL
Nguyen ဟာ ၎င်း၏ကားကို အဝေးထိန်း အလိုအလျောက် ဟိုက်ဒရောလစ် တံခါးများ၊ ၃၆၀ ဒီဂရီ မြင်နိုင်သည့် ကင်မရာလေးလုံး တပ်ဆင်ကာ ထပ်မံ အဆင့်မြှင့်တင်ခဲ့ပါတယ်။
ကမ္ဘာ့ ပထမဆုံး နှင့် တစ်စီးထဲသော လျှပ်စစ်စွမ်းအင်သုံး Batman ကား Batmobile အဖြစ် ခေါ်ဆိုလို့ရတဲ့ ဒီကားကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းရှိ VAN DARYL ကားပြခန်းတွင် ပြသထားပါတယ်။
ကျွန်တော်ဟာ Batman လို စူပါဟီးရိုးတွေကို ငယ်ငယ်ကတည်းက နှစ်သက်ပြီး ကြီးပြင်းလာတဲ့အတွက် Batmobile လို ကားမျိုးကို အမြဲလိုလို တည်ဆောက်ဖို့ စဉ်းစားနေခဲ့တာပါလို့ Nguyen က ဆိုပါတယ်။
ဟုတ်ပါတယ်။ Batman ရဲ့ ကားဟာ လူငယ်တိုင်းအတွက် အိပ်မက်တခုဖြစ်ပြီး အခုလို လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ ဆိုတာ မလွယ်ပါဘူး။

Image: Courtesy of Nguyen Dac Chung/VAN DARYL
အရှေ့တောင် အာရှနိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကနေ ဒီလို တကယ် မောင်းနှင်နိုင်ပြီး သေသေသပ်သပ်ရှိတဲ့ Batman ကားရဲ့ ပုံတူကို ဖန်တီးနိုင်တာဟာ တဖြည်းဖြည်း တိုးတက်လာတဲ့ ဒေသတွင်း အနေအထားကို မြင်သာစေပါတယ်။
ဒါ့ကြောင့် အိပ်မက်တွေ ကနေ တကယ် အကောင်အထည် ဖော်လာခဲ့ပြီး ပြောင်မြောက် လှတဲ့ လက်ရာကို ချပြ နိုင်ခဲ့တဲ့ Nguyen Dac Chung ၏ Batmobile ကို ဖော်ပြပေးလိုက်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
First Published 5/2/2022