ကားပျံတွေ ၊ Jetpack အသုံးပြုပြီး ပျံသန်းနိုင်သော လူ (လူပျံ)တွေဟာ လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဆိုင်ကယ်ပျံ တွေလည်း လမ်းကြောင်းပေါ် ရောက်လာရမှာပေါ့။
ကလီဖိုးနီးယားအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Jetpack Aviation ဟာ ဂျက်အင်ဂျင်တပ်ဆင်ထားသော Speeder ဆိုတဲ့ ပျံသန်းနိုင်သော ဆိုင်ကယ် ရှေ့ပြေးပုံစံကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
Jetpack Aviation ဟာ Speeder ဆိုင်ကယ်ပျံ အတွက် လိုအပ်တဲ့ ပျံသန်းမှုဆိုင်ရာ ထိန်းချုပ်ဖို့ ၎င်းတို့ရဲ့ ကိုယ်ပိုင် ဆော့ဝဲ ပရိုဂရမ်တွေကို စောင့်ကြည့်ခြင်းနှင့်တွန်ကန်အားကို ချိန်ညှိခြင်းတို့ကို ၁၈ လကြာ စမ်းသပ်ခဲ့တဲ့ အကျိုးကျေးဇူးကြောင့် ပထမဆုံး ဆိုင်ကယ်ပျံ ရှေ့ပြေးပုံစံကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ တာပဲဖြစ်ပါတယ်။

၎င်းဆော့ဝဲများဟာ Speederကို လေပေါ်တွင် ပျံသန်းနေစဉ်အလိုအလျောက် တည်ငြိမ်စေပြီး၊ မြေပြင်ပေါ်သို့ ဆင်းသက်ရာတွင် ပုံမှန်မော်တော်ဆိုင်ကယ်ကဲ့သို့ ဆင်သက်လုပ်ဆောင်ရန်ခွင့်ပြုထားပါတယ်။
ကုမ္ပဏီဟာ ဆိုင်ကယ်ပျံကို နေ့စဉ်အသုံးပြုသူများအတွက် ပုံစံနှစ်မျိုးနဲ့ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။အလွန်ပေါ့သော ပုံစံ နှင့် နောက်ပုံစံတစ်ခုကတော့ စမ်းသပ်နေဆဲ ဖြစ်ပါတယ်။
အလွန်ပေါ့ပါးသော ပုံစံ မှာတော့ FAA ရဲ့ ကန့်သတ်ထားတဲ့ ဉပဒေကြောင့် တစ်နာရီကို မိုင် ၆၀ နှုန်းနှင့်ပျံသန်းချိန်ကတော့ ၁၅ မိနစ်ပါ။ ပိုင်းလော့ လိုင်စင်တော့ မလိုအပ်ပါဘူး။
စမ်းသပ်နေဆဲ ပုံစံ မှာတော့ ပျံသန်းဖို့အတွက် အခြေခံ ပိုင်းလော့ လိုင်စင် လိုအပ်ပါတယ်။ဒီဗားရှင်းမှာတော့ ပျံသန်းချိန် ၃၅ မိနစ်ခန့်နှင့်အတူ အမြန်နှုန်းက တစ်နာရီကို မိုင် ၂၅၀ နီးပါးနှုန်းဖြင့် ပျံသန်းမောင်းနှင်နိုင်မှာဖြစ်ပါတယ်။
Speeder ဆိုင်ကယ်ပျံ ရဲ့ မူလ ဒီဇိုင်းတွင် တာဘိုင်ဂျက်အင် ၄ လုံးတပ်ဆင်ထားသော်လည်း နောက်ဆုံး ထုတ်လုပ်မှုမှာတော့ ပိုပြီးဘေးကင်းလုံခြုံမှုရှိရန် အင်ဂျင် ၈ လုံးကို ဆိုင်ကယ်ရဲ့ ထောင့်လေးထောင့်မှာ ထောင့်တစ်ခုစီတွင် ၂ လုံးစီ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

အကြမ်းဖျင်းအားဖြင့် ပေါင် ၃၀၀ ခန့်ရှိသော Speeder ဟာ ပေါင် ၆၀၀ သယ်ဆောင်နိုင်ပြီး ထိန်းချုပ်ဖို့ လက်ကိုင်၊ ၁၂ လက်မရှိတဲ့ လမ်းကြောင်းပြ မျက်နှာပြင်တစ်ခု နှင့် ရေဒီယို စနစ်များလည်း ပါရှိမှာဖြစ်ပါတယ်။
အဆင့်မြင့်တင်ထားတဲ့ Speeder 2.0 ဗားရှင်းရဲ့ ရှေ့ပြေးပုံစံကိုလည်း ၂၀၂၂ ခုနှစ် အစောပိုင်းတွင် စတင် စမ်းသပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း စမ်းသပ်ထုတ်လုပ်မှုများတွင် ၁၀၀ ရာခိုင်နှုန်း ကာဗွန် ထုတ်လွတ်မှုမရှိတဲ့ လောင်စာကို အသုံးပြုဖို့လည်း ရည်ရွယ်ထားပါတယ်။

အနာဂါတ်မှာ စစ်တပ်နှင့်ပြည်သူ့လုံခြုံရေး အဖွဲ့အစည်းများ အတွက် အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံတွေပါ ထုတ်လုပ်မည်ဟု ဆိုပါတယ်။
၎င်းဗားရှင်းမှာတော့ အကွာအဝေး တိုးမြှင့်ပျံသန်းနိုင်ဖို့၊ မီးငြိမ်းသတ်ဖို့၊ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်ပစ္စည်းမျာ သယ်ဆောင် သိုလှောင်ဖို့ သို့မဟုတ် ဒဏ်ရာရ ခရီးသည်များ သယ်ဆောင်ဖို့ အတွက် ဖြုတ်နိုင်တပ်နိုင်သော အတောင်ပံများ ပါရှိမှာ ဖြစ်ပါတယ်။
ကုမ္ပဏီဟာ Speeder ဆိုင်ကယ်ပျံ အတွက် ကနဦးဈေးနှုန်းကို ဒေါ်လာ ၃၈၁,၀၀၀ သတ်မှတ်ထားပြီး ကြိုတင်မှာယူမှုများကို စတင်လက်ခံနေပြီ ဖြစ်ပါတယ်။ ၂၀၂၃ မှာစတင်ဖြန့်ဖြူးဖို့ စီစဉ်ထားပါတယ်လို့ ဆိုပါတယ်။