လူလိုက်ပါတဲ့ အသံထက် ၅ ဆ အမြန်နှုန်းကျော်တဲ့ ဟိုက်ပါဆိုးနစ် လေယာဉ်များကို အမေရိကန်တို့ဟာ ၁၉၆၀ ခုနှစ်များ ကတည်းက စမ်း သပ် ပြီစီးခဲ့တာ ဖြစ်ပါတယ်။
၁၉၆၇ ခုနှစ်နှစ်မှာ William “Pete” Knight ဟာ ၎င်း၏ North American X-15A-2 ရော့ကတ်စွမ်းအင်သုံး လေယာဉ်ဖြင့် အသံထက် ၆.၇ ဆ အမြန်နှုန်းအထိ ပျံသန်းပြီး သမိုင်းသစ်တခု ဖန်တီးခဲ့ပါတယ်။

တနာရီလျှင် ၅,၁၄၀ မိုင်နှုန်းအထိ အရောက်ရှိခဲ့တဲ့ အဆိုပါ ပျံသန်းမှုကို အမြင့်ပေ ၁၀၂, ၀၀၀ လောက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး လေယာဉ်အတွက် အဲဒီ့အချိန်က ခေတ်အမှီဆုံး နည်းပညာများကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ကိုးနှစ်ကျော် ကာလအတွင်းတွင် X-15 ကို အသုံးပြုပြီး လေယာဉ်မှူး ၁၂ ယောက်မှ အကြိမ်ပေါင်း ၁၉၉ ကြိမ်လောက် စမ်း သပ် ပျံသန်း ခဲ့ကြပါတယ်။

အဲဒီလို စမ်းသပ်ပျံသန်းမှုတွေထဲက ၁၃ ကြိမ်လောက်ဟာ အမေရိကန်လေတပ်၏ အာကာသပျံသန်းမှုအတွက် လိုအပ်သည့် စံချိန်များကို ပြည့်မှီခဲ့တဲ့အတွက် လေယာဉ်မှူး ၈ ဦးဟာ အာကာသ ပျံသန်းမှု တောင်ပံတံဆိပ်များ ရရှိခဲ့ပါတယ်။
ဒီလို ပျံသန်းနိုင်မှုကြောင့် X-15 များကို ပထမဆုံး အာကာသသွား လေယာဉ်များလို့တောင် ခေါ်ဆို နိုင်ပါတယ်။

X-15 လေယာဉ်ပေါင်း ၃ စင်းကို တည်ဆောက်ခဲ့ပြီး ၎င်းတို့ဟာ ဟိုက်ပါဆိုးနစ် လေယာဉ် စစ်စစ်များ ဖြစ်ခဲ့ပေမယ့် လက်တွေ့ အသုံးပြုဖို့ မထုတ်လုပ်ခဲ့ပါဘူး။
အဲဒီ့အထဲက ပထမတစင်းဟာ ၁၉၆၂ ခုနှစ်မှာ ဆင်းသက်သည့်အချိန် မတော်တဆ ဖြစ်ခဲ့လို့ လေယာဉ်မှူး John McKay ကို ထိခိုက် စေခဲ့ပါတယ်။

ဒီလို မတော်တဆမှုကြောင့် လေယာဉ်၏ ကိုယ်ထည်ကို ပျက်စီးစေခဲ့တဲ့အတွက် ကိုယ်ထည်ကို အလျှားထပ်တိုးကာ အတောင် အောက်တွင် အပို ဆီတိုင်ကီများ ထပ်မံ တပ်ဆင်ခဲ့တဲ့အပြင်
ဟိုက်ပါဆိုးနစ် အမြန်နှုန်းဖြင့် ပျံသန်းနေချိန်တွင် လေယာဉ်မှူးကို အပူ မဟပ်စေရန် ရေကိုအခြေခံထားသည့် အခရိုင်းလစ် အလွှာတမျိုးဖြစ်တဲ့ ablative coating ဖြင့် ကာကွယ်ပေးထားပါတယ်။

ဒုတိယမြောက် X-15 ကိုတော့ ၁၉၆၇ အတွင်း ပျံတက်ပြီး မိနစ်ပိုင်းအကြာမှာ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီ့ လေယာဉ်ဟာ အာကာသ ပတ်လမ်းအတွင်းမှ ဗီဒီယို ရိုက်ကူးပြီး ခဲ့ပြီးနောက် ပြန်ဆင်းလာတဲ့ အခါမှာ ဟိုက်ပါဆိုးနစ် spin ဖြစ်ကာ လည်ပြီး ပြုတ်ကျလာခဲ့ပေမယ့် လေယာဉ်မှူးဟာ အမြင့်ပေ ၃၆,၀၀၀ လောက်မှာ ထိန်းနိုင်ခဲ့ပါတယ်။

အဲဒီ့နောက် အသံထက် ၄.၇ ဆ အမြန်နှုန်းကို ပြန်လည်ရောက်ရှိသွားပြီး လေယာဉ်ဟာ ဖိအားကို မခံနိုင်ဘဲ ပျက်စီး သွားရာ လေယာဉ်မှူးဖြစ်တဲ့ Adams ကို ဆုံးရှူံးခဲ့ရပါတယ်။
မယုံကြည်နိုင်လောက်တဲ့ အမြန်နှုန်းကို ရောက်ရှိဖို့ရာအတွက် X-15 ဟာ လောင်စာအရည်သုံး ဒုံးအင်ဂျင်ကို အသုံးပြုခဲ့ပြီး ၎င်းဟာ စက္ကန့် ၈၀ မှ ၁၂၀ အတွင်းသာ လောင်ကျွမ်း မောင်းနှင်ရပါတယ်။

စက္ကန့် အနည်းငယ်မှ ၂ မိနစ်လောက်သာ အင်ဂျင်ကို အသုံးပြုရပေမယ့် ၎င်းမှာ တပ်ဆင်ထားတဲ့ XLR99 ရော့ကတ်အင်ဂျင်ဟာ X-15 အတွက် မြင်းကောင်ရေ ၆ သိန်းလောက်အားနှင့် ပေါင် ချိန် ၇၀,၄၀၀ လောက်ရှိတဲ့ တွန်းအားကို ရရှိစေပါတယ်။
ဒါဟာ မကြာသေးမီက Blue Origin မှ လူခြောက်ယောက် လိုက်ပါတဲ့ ထိပ်ဖူးကို အာကာသအတွင်း ပစ်လွှတ်ပေးခဲ့တဲ့ Shepard ရော့ကတ်၏ တွန်းကန်အားရဲ့ ၃ ပုံ ၂ ပုံလောက်ရှိပါတယ်။

ရော့ကတ် အင်ဂျင်ကို ခဏတာ မောင်းနှင်နိုင်ရန် X-15 ကို B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးမှ သယ်ဆောင်ပေးခဲ့တာဖြစ်ပြီး တနာရီ မိုင် ၅၀၀ နှုန်းဖြင့် ပျံသန်းနေချိန်မှာ X-15 ကို လွှတ်ချပေးခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဟာ လေယာဉ်များကို တင်ဆောင်နိုင်မယ့် B-36 Peacemaker ကဲ့သို့ များကို လေယာဉ်တင် လေယာဉ်ကြီးများအဖြစ် စမ်းသပ်ခဲ့ပါတယ်။

ဒါပေမယ့် NASA နှင့် အမေရိကန် လေတပ်တို့ဟာ X-15 ကို နည်းဗျူဟာ လေယာဉ်တခုအနေဖြင့် ယူဆမထားခဲ့ပါဘူး။
X-15 စမ်းသပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ယနေ့ခေတ် နည်းပညာများ၏ ကန့်သက်ချက်များကို စမ်းသပ်ခဲ့တာဖြစ်ပြီး ၎င်းနှင့် ပတ်သက်ပြီး ထင်ထင်ရှားရှား အောင်မြင်ခဲ့ပါတယ်။

X-15 ဟာ ဟိုက်ပါဆိုးနစ် ပျံသန်းမှုကိုသာမက အာကာသပျံသန်းမှု လမ်းပြစနစ်များ၊ အဆင့်မြင့် ဖိအားဒဏ်ခံ ဝတ်စုံ များကိုပါ ပထမဆုံး စမ်းသပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် X-15 များဟာ ခေတ်သစ် အာသာက လွန်းပျံယာဉ် အစီအစဉ်များ၏ တိုက်ရိုက် ဘိုးဘေး ဖြစ်ခဲ့တဲ့ အပြင် ၎င်း သာမရှိခဲ့ပါက ထင်ရှားတဲ့ အာကာသနဲ့ ပတ်သက်တဲ့ အောင်မြင်မှုတွေဟာ ဖြစ်လာစရာ မရှိပါဘူး။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။