ပထမဆုံး အကြိမ်အနေဖြင့် ကောင်းကင်စောင့်ကြည့်ရေး ကင်မရာများနှင့် ဒရုန်းများကို အသုံးပြုပြီး မြေပြင်ပေါ် ကျရောက် လာတဲ့ ဥက္ကာခဲ တခဲကို ရှာဖွေနိုင်ခဲ့ပါတယ်။
ဒါဟာ နေအဖွဲ့အစည်းမှ ရောက်ရှိလာတဲ့ ဒီလို အရာတွေကို လေ့လာဖို့အတွက် စာမျက်နှာသစ် တခု ဖွင့်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
လူသားများဟာ အာကာသတွင်းသို့ သွားရောက်ပြီး အခြားနေရာမှ ဥက္ကာခဲကဲ့သို့ နမူနာများကို ရရှိဖို့အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်ကျခံပြီး လုပ်ဆောင်နေတာပါ။
ဒါပေမယ့် တခါတရံမှာ ယခုလို ကမ္ဘာပေါ် ကျရောက်လာတဲ့ ဥက္ကာခဲများကို စုဆောင်းတာဟာ ပိုမို လွယ်ကူပါတယ်။
ကံမကောင်းတဲ့ အချက်ကတော့ လေ့လာဖို့ ရရှိနိုင်တဲ့ အာကာသအတွင်းမှ ကျောက်တုံးအများစုဟာ မြေပြင်ပေါ် ရောက်ရှိပြီးတာ အတော်ကြာပြီး ဖြစ်တဲ့အတွက် လိုချင်တဲ့ အနေအထား မဟုတ်တော့ပါဘူး။

ယခုလို ပထမဆုံး လတ်လတ်ဆတ်ဆတ် ဥက္ကာခဲတွေကို ရရှိနိုင်တယ် ဆိုတာကတော့ သုတေသနတွေအတွက် အများကြီး အထောက်အကူ ပြုပါတယ်။
ဂြိုဟ်များကို လေ့လာနေတဲ့ သုတေသီများဟာ ကမ္ဘာကို ဝင်ရောက်လာမယ့် ဥက္ကာခဲကဲ့သို့ အရာများ၏ လမ်းကြောင်းများကို တွက်ချက်ကာ ကင်မရာ ကွန်ယက်များကို ဖန်တီးထားပါတယ်။
ဒါ့ကြောင့် ကျရောက်လာသည့် ဥက္ကာခဲများကို လျှင်မြန်စွာ ရှာဖွေနိုင်ခဲ့ပြီး ယခု အခါ ဒရုန်းများကိုပါ အသုံးပြုနိုင်ပြီ ဖြစ်လို့ နောက်ထပ် အဆင့်တခုကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
ယခု ပထမဆုံး ရှာဖွေနိုင်ခဲ့တဲ့ ဥက္ကာခဲကို ဩစတေးလျရှိ ကုန်းခေါင်ရေဝေး နေရာတခုက ရှာတွေ့ခဲ့တာ ဖြစ်ပြီး ဒီအကြောင်းကို Astrophysical Journal Letters တွင် ဖော်ပြခဲ့ပါတယ်။
ကန္တာရလို နေရာမျိုးတွင် ဥက္ကာခဲတခဲကို ရှာဖွေ တွေ့ရှိဖို့ဆိုတာ မြေပုံတွင် လမ်းကြောင်းများ လိုအပ်သလို၊ ဒရုန်းနည်းပညာ၊ မဆုတ်နစ်သော ကြိုးစားမှု နှင့် ဒရုန်းများအတွက် အလိုအလျှောက်စနစ်များ လိုအပ်ပါတယ်။

Desert Fireball Network (DFN) လို့ခေါ်တဲ့ စောင့်ကြည့်ရေး ကွန်ယက်မှ လေထုထဲသို့ ဝင်လာသည့် ဥက္ကာခဲကို မြင်ရပြီး ၄ ရက်အကြာမှာပဲ ၇၀ ဂရမ်လောက်ရှိတဲ့ ဥက္ကာခဲကို တွက်ချက်ထားတဲ့ လမ်းကြောင်းရဲ့ ၅၀ မီတာသာ ကွာတဲ့ နေရာမှာ ရှာတွေ့ခဲ့တာပါ။
အချို့ ဥက္ကာခဲများဟာ တွေ့နေကျဖြစ်သဖြင့် တန်ဖိုးအားဖြင့် သိပ်မရှိပေမယ့် သိပ္ပံနှင့် ပတ်သက်ရင်တော့ အလွန်ကို တန်ဖိုးရှိတဲ့ အရာတွေ ဖြစ်ပါတယ်။
Desert Fireball Network ဟာ ဥက္ကာခဲများကို ရှာဖွေနိုင်ရန်နှင့် ၎င်းတို့၏ များစွာသော ပုံရိပ်များကို မှတ်တမ်းတင်ရန် တည် ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ယခုတွေ့ရှိခဲ့သည့် ဥက္ကာခဲအား ရှာဖွေမှုအတွင်း အခြားသော ဆီသွပ်ဘူးခွံများ၊ ပုလင်းများ၊ မြွေများ၊ သားပိုက်ကောင်များနှင့် တိရစ္ဆာန်များ၏ အရိုးများနှင့် မှားယွင်းခဲ့ပါသေးတယ်။
DFN မှ လက်ရှိ အချိန်အထိ ဥက္ကာခဲပေါင်း ၈ ခုအထိ ရှာဖွေနိုင်ခဲ့ပြီး ဖြစ်ကာ ဒရုန်းနှင့် ရှာဖွေနိုင်တာကတော့ ဒီတခါ ပထမဆုံး ဖြစ်ပါတယ်။

ဥက္ကာခဲဟာ အတွေ့များတဲ့ H-chondrite လို့ ခွဲခြမ်းစိတ်ဖြာမှုများက ပြောပေမယ့် ဒီ့ထက် ရှားပါးတဲ့ ဥက္ကာခဲများကို ထပ်မံ ရှာဖွေနိုင်ဖို့ မျှော်လင့်ထားပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ ကမ္ဘာပထမဆုံး ဒရုန်းနှင့် ရှာဖွေနိုင်ခဲ့တဲ့ ဥက္ကာခဲအဖြစ် မှတ်တမ်း ဝင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။