ကမ္ဘာ့ပထမဆုံး တောင်ပံမပါတဲ့ လေယာဉ်ပျံ အစ္စရေး ကုမ္ပဏီ ထုတ်လုပ်နိုင်တော့မည်

Innovation Tech

အစ္စရေး အခြေစိုက် ကုမ္ပဏီတခုဖြစ်တဲ့ Urban Aeronautics ဟာ ၎င်း၏ ကမ္ဘာ့ ပထမဆုံး တောင်ပံမပါတဲ့ လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်တဲ့ eVTOL လေယာဉ်ကို ထုတ်လုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

အခုတော့ အဆိုပါ လေယာဉ်ဟာ အယူအဆ အဆင့်မှ တကယ့် လက်တွေ့အနေဖြင့် အသုံးပြုနိုင်ဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ ဒီစီမံကိန်းအတွက် အမေရိကန်၊ ဘရာဇီးနှင့် အစ္စရေးရှိ ရင်းနှီးမြှုပ်နှံသူများမှ ဒီအပတ်အတွင်းမှာ ဒေါ်လာ သန်း ၁၀၀ ၏ ပထမအသုတ် ၁၀ သန်းကို မတည် နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ကုမ္ပဏီ၏ အဆိုအရ ကားအရွယ်အစားရှိတဲ့ ထိုင်ခုံ ၆ ခုံပါရှိသည့် CityHawk လေယာဉ်ပျံဟာ သမားရိုးကျ eVTOL လေယာဉ်များနှင့် မတူဘဲ ငှက်များနှင့် ပိုတူတယ်လို့ သိရပါတယ်။

ထူးခြားပြီး တောင်ပံမပါရှိသည့် မူပိုင်ခွင့် အပြည့်အဝ တင်ပြီးဖြစ်သည့် Fancraft rotar စနစ်နှင့် CityHawk လေယာဉ်ဟာ အဓိကအားဖြင့် အရပ်ဖက် သယ်ယူပို့ဆောင်ရေးနှင့် အရေးပေါ် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။

အဲဒီ့ လေယာဉ် တရက်အတွင်းတွင် မြို့တွင်း ပို့ဆောင်ရေး ခရီး အကြိမ်ပေါင်းများစွာ ပြုလုပ်ပေးနိုင်မှာဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှု သုည အနေထားနှင့် ဆူညံ့သံ အနည်းဆုံး ဖြင့် ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

ဆန်းသစ်တီထွင်ထားတဲ့ Fancraft နည်းပညာဟာ Ducted rotor ပန်ကာကြီး ၂ လုံးကို အခြေခံထားပြီး လေပြင်းတိုက်ခတ်နေသည့် အချိန်တွင်တောင် တည်ငြိမ်မှုရှိစေမှာ ဖြစ်ပါတယ်။

ပန်ကာကြီး ၂ လုံးကို ပတ်ပတ်လည်တွင် ကာရံ တည်ဆောက် ထားသည့်အတွက် ဆူညံသံကို လေယာဉ် အတွင်းနှင့် အပြင်ဘက်တွင် အနည်းဆုံး အနေအထားအထိ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

ကျစ်လစ်တဲ့ ဒီဇိုင်းနှင့် ဒီ eVTOL လေယာဉ်ဟာ လမ်းကြောင်း တလျှောက် ပျံသန်းနေသော ယာဉ်များ၊ ဓာတ်အားလိုင်းများ နှင့် အခြား အဆောက်အအုံများကို အလိုအလျှောက် စနစ်ဖြင့် သိရှိ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြူများ အခိုးအငွေ့များကြား မြင်နိုင်သည့် multi-spectral see-through weather detection စနစ်ကို တပ်ဆင်ထားသည့်အပြင် ရေခဲမှုကို ကာကွယ်ပေးသည့် စွမ်းရည်လည်း ပါရှိပါတယ်။

လက်ရှိစမ်းသပ်ပျံသန်းနေပုံ

အဲဒါကြောင့် လေယာဉ်ကို ညဘက်တွင်ဖြစ်စေ၊ ရာသီဥတုမကောင်းသည့် အခြေအနေနှင့် မြင်ကွင်းမကောင်းသည့် အခြေအနေများတွင် ကောင်းမွန်စွာ မောင်းနှင်ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

အတွင်းပိုင်းမှာတော့ ဇိမ်ခံကားတစီးတွင် တပ်ဆင်လေ့ရှိသည့် ခုံများ၊ WIFI နှင့် touchscreen များ အပြင် သင်နေထိုင်တဲ့မြို့ကို မြင်ကွင်းကောင်းကောင်းဖြင့် ကြည့်ရှု နိုင်စေမှာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ မကြာသေးမီက ၎င်း၏ ပျံသန်းမှုတွင် အသုံးပြုမည့် ဟိုက်ဒရိုဂျင်လောင်စာဆဲလ် နည်းပညာအတွက် အမေရိကန် ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် Hypoint ကုမ္ပဏီနှင့် ပူးပေါင်း သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ပြန်လည် ဒီဇိုင်းဆွဲမယ့် CityHawk လေယာဉ် ၏ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး မျိုးကွဲမှာတော့ လက်ရှိ Safran Arriel turboshaft အင်ဂျင်နေရာမှာ HyPoint ကုမ္ပဏီ၏ နောက်ဆုံးပေါ် ဟိုက်ဒရိုဂျင် လောင်စာဆဲလ်များ အပေါ်တွင် အခြေခံသည့် အင်ဂျင်ကို အစားထိုးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *