ဂင်းနစ် စံချိန်ဝင် ကမ္ဘာ့အမြင့်ဆုံး ATM နှင့် သိကောင်း စရာ အချို့

Article Travel

ကမ္ဘာပေါ်ရှိ အမြင့်ဆုံးနေရာမှာ တည်ရှိတဲ့ ATM စက်ဟာ တရုတ်နှင့် ပါကစ္စတန် နှစ်နိုင်ကြား Khunjerab နယ်စပ် တောင် ကြားလမ်းတွင် ထားရှိပါတယ်။

Khunjerab နယ်စပ်တောင်ကြားလမ်းဟာ ကမ္ဘာပေါ်တွင် အမြင့်ဆုံး နေရာမှာ ရှိသည့် တောင်ကြားလမ်း တခု ဖြစ်ပါတယ်။

အမြင့် မီတာ ၄,၆၉၃ လောက်မှာ ရှိတဲ့ ATM စက်ကိုရောက်ရှိဖို့ ပါကစ္စတန် မြောက်ပိုင်း Gilgit-Baltistan ပြည်နယ်ကို ဖြတ်ပြီး သွားရမှာပါ။

လွန်ခဲ့သည့် နှစ်များအတွင်း ATM စက်များ၏ နည်းပညာများဟာ ကမ္ဘာပေါ်တွင် အံ့အားသင့်စရာ ကောင်းလောက်အောင် တိုးတက်လာပြီး ဖြစ်ပါတယ်။

ကမ္ဘာ့ အမြင့်ဆုံး နေရာမှာ တည်ရှိသည့် ယခု ATM စက်ကိုး ပါကစ္စတန် အမျိုးသားဘဏ် (NBP) မှ ၂၀၁၆ ခုနှစ်က စတင် တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

၎င်းအတွက် လိုအပ်သည့် စွမ်းအင်ကိုတော့ လေအားနှင့် နေရောင်ခြည် စွမ်းအင်များကို အသုံးပြုပြီး လည်ပတ်စေတာ ဖြစ်ပါတယ်။

ထို ATM စက်ကို တပ်ဆင်ပြီး နောက် Guinness World Records မှ ကမ္ဘာပေါ်တွင် အမြင့်ဆုံး ATM စက် အဖြစ် အသိ အ မှတ်ပြုခဲ့ပါတယ်။

Image: Courtesy of localguidesconnect

ငွေထုတ်စက် တလုံးကို တပ်ဆင်ရတာ လွယ်ကူတယ် ထင်ရပေမယ့် ယခု စီမံကိန်း လုပ်ဆောင်စဉ်ကတော့ ထင်သလောက် မလွယ်ကူခဲ့ပါဘူး။

စီမံကိန်းကို ပြီးစီးအောင် ဆောင်ရွက်ဖို့အတွက် အချိန် လေးလ လောက် ကြာမြင့်ခဲ့ပါတယ်။

ATM စက်အတွင်းသို့ ငွေသား ပုံမှန် ဖြည့်သွင်းခြင်း နှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကလည်း စိန်ခေါ်မှု တခု ဖြစ်ပါတယ်။

အကြောင်းကတော့ ၎င်းနှင့် အနီးဆုံး ဘဏ်ဟာ ၈၂ ကီလိုမီတာ အကွာတွင် ရှိတာကြောင့် ဖြစ်ပါတယ်။

ကမ္ဘာ့အမြင့်ဆုံး ATM စက်နှင့် အနီးဆုံးဖြစ်သည့် Sost NBP ဘဏ်ခွဲ၏ မန်နေဂျာ ဖြစ်သူ Zahid Hussain ဟာ ထိုတာဝန်ကို လုပ်ဆောင်ရပါတယ်။

ပြင်းထန်သည့် လေပြင်းများ၊ မုန်တိုင်းများ၊ မကြာခဏ မြေပြိုမှုများ နှင့်ခက်ခဲလှသည့် တောင်ကြားလမ်းများ အကြားမှာ ထို ATM ကို ငွေ့ဖြည့်ဖို့ နှင့် ပြုပြင်ထိန်းသိမ်းဖို့ တာဝန်ယူရတာ လွယ်တော့ မလွယ်ကူလှပါဘူး။

Image: Courtesy of localguidesconnect

သို့ပေမယ့် ထို ATM စက်ဟာ အမြဲတမ်းတော့ အလုပ်များနေသည့် နေရာ မဟုတ်ပါဘူး။

စက်ကို အသုံးပြုနေသူ အများစုမှာ နယ်ခြားစောင့်တပ်များ၊ ဒေသခံ အနည်းငယ်နှင့် နယ်စပ် ဖြတ်ကျော်သူများသာ ဖြစ်ကြပါတယ်။

လက်ရှိ ATM စက်မှ ရက်သတ္တပတ် နှစ်ပတ်တိုင်း ရူပီး ၄ သန်းမှ ၅ သန်း ဝန်းကျင် (အမေရိကန်ဒေါ်လာ ၁၈,၃၅၀ မှ ၂၃,၀၀၀ ကြား) လောက်သာ ထုတ်ယူကြလေ့ ရှိပါတယ်။

ပါကစ္စတန် အမျိုးသားဘဏ်မှ ပြောရေး ဆိုခွင့် ရှိသူတဦးမှ ပြောကြားချက် အရ ပုံမှန်အားဖြင့် လူတဦးဟာ ATM ကို အရေးပေါ် ပြုပြင်ဖို့ သွားရောက်ရန် ၂ နာရီမှ ၂ နာရီခွဲလောက် အချိန်ယူရတယ်လို့ သိရပါတယ်။

ဘဏ်မန်နေဂျာ Zahid Hussain ကတော့ “ATM အသုံးပြုနေသူတွေက အရေအတွက်အားဖြင့် မများလှပေမယ့် မိသားစုတွေနဲ့ ချစ်ခင်ရသူတွေထံ သူတို့ရဲ့ လစာတွေ လွှဲပြောင်းဖို့ တခြား ကြားခံမရှိပါဘူး” လို့ ဆိုပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

First Published 13/10/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *