ဩစတေးလျ အနောက်ပိုင်း တက္ကသိုလ်နှင့် Flinders တက္ကသိုလ်မှ သုတေသီများဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး အပင်လို့ ယုံ ကြည်ရတဲ့ အပင်တွေကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
အဲဒီ့ အပင်ကတော့ Seagrass meadow (သိပ္ပံအမည် Posidonia australis) လို့ခေါ်တဲ့ ပင်လယ်ကြမ်းပြင်မှ ကြီးမားလှတဲ့ မြက်ခင်းပြင် ကွန်ယက်ကြီးပဲ ဖြစ်ပါတယ်။
ထိုမြက်ပင် ကွန်ယက်ကြီးဟာ ဩစတေးလျ အနောက်ဘက် ကမ်းရိုးတန်းမှာ တည်ရှိပြီး အကျယ်အဝန်းဟာ ၇၇ စတုရန်းမိုင်ကျော်ကျော် လောက် အထိ ရှိမယ်လို့ Proceedings of the Royal Society B ဂျာနယ်တွင် ဖော်ပြထားခဲ့သည့် လေ့လာမှု အရ သိရှိရပါတယ်။
ဒီ မြက်ခင်းပြင် ကွန်ယက်ကြီးဟာ အခြေခံအားဖြင့် အပင် တပင်ထဲမှ နယ်ချဲ့ပွားများလာသည့် အပင်ကွန်ယက်ကြီး ဖြစ်ပါတယ်။
အံ့အားသင့်စရာ ကောင်းတဲ့ အချက်က ရှည်လျားတောက်ပလှတဲ့ ဒီမြက်ခင်းပြင် ကွန်ယက်ကြီးဟာ ကိုယ့်ကိုကိုယ် ပုံတူများ ဖန်တီးပြီး ကျယ်ပြန့်လာတာဟာ အနည်းဆုံး နှစ်ပေါင်း ၄,၅၀၀ လောက် ရှိပြီ ဆိုတာပါပဲ။

Nature Ecology & Evolution ဂျာနယ်တွင် ဖော်ပြခဲ့သည့်လေ့လာမှုအရ အဆိုပါ မြက်ပင်ကွန်ယက်များဟာ rhizosphere
လို့ခေါ်တဲ့ ၎င်းတို့ရှင်သန်နေသည့် မြေတဝိုက်တွင် သကြားများလည်း ထုတ်လုပ်နေတာကို တွေ့ရှိခဲ့ရပါတယ်။
အဆိုပါ သကြားများကို နေရောင်ခြည်ကို အသုံးပြုပြီး အစာချက်လုပ်သည့် photosynthesis ဖြစ်စဉ်မှ ထုတ်လုပ်ထားတာ ဖြစ်ပြီး sucrose ပုံစံအနေဖြင့် တည်ရှိပါတယ်။
ကမ္ဘာ့တဝှမ်းမှာ ပင်လယ်မြက်ခင်းများမှ ထုတ်လုပ်ထားတဲ့ သကြား တန်ချိန် ၆ သိန်းမှ ၁.၃ သန်းလောက် အထိ ရှိနိုင်မယ်လို့ သုတေသီများက ခန့်မှန်းထားပြီး ဒါဟာ ကိုကာကိုလာဗူး ၃၂ ဘီလီယံလောက် ထုတ်လုပ်နိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။
သိရှိသမျှ အပင်များတွင် အကြီးဆုံး
သုတေသီများဟာ ဩစတေးလျ အနောက်ပိုင်းရှိ ရေတိမ်ပိုင်းကို ကာကွယ်ပေးထားသည့် Shark Bay ဧရိယာမှ ပင်လယ်မြက်ခင်းများ၏ မျိုးရိုးဗီဇ ကွဲပြားမှုကို စူးစမ်းလိုခဲ့ကြပါတယ်။

ပင်လယ်မြက်ခင်းများတွင် အမျိုးမျိုးသော အပင်များ အကြိမ်ရေ မည်မျှ ပေါက်နေသလဲဆိုတဲ့ မေးခွန်းကို ဖြေရှင်းဖို့ မျိုးရိုးဗီဇဆိုင်ရာ လေ့လာရေး ကိရိယာများကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ထို့ကြောင့် အဖွဲ့ဟာ ဒေသအနှံ့ရှိ နေထိုင်ရာ နေရာအသီးသီးမှ ပင်လယ်မြက်ပင် နမူနာများကို စုဆောင်းခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ ၎င်းတို့ဟာ အပင်များ၏ မှတ်တမ်းများကို ဖန်တီးကာ မေးခွန်း၏ အခြေကို ရှာဖွေနိုင်ရန်အတွက် မျိုးရိုးဗီဇ ဆိုင်ရာ အမှတ်အသားပေါင်း ၁၈,၀၀၀ လောက်ကို စစ်ဆေးခဲ့ပါတယ်။
ဩစတေးလျ အနောက်ပိုင်း တက္ကသိုလ်မှ သုတေသန ကျောင်းသားဖြစ်တဲ့ လေ့လာမှုကို ဦးဆောင်သူ Jane Edgeloe က အပင်တပင်ဟာ Shark Bay ပင်လယ်အော်ထဲမှာ ၁၁၂ မိုင်လောက် ချဲ့ထွင်ခဲ့တာကို သိရှိခဲ့ရပြီးနောက်မှာ ကမ္ဘာပေါ်တွင် လူသိများတဲ့ အကြီးဆုံး အပင်ဖြစ်လာပါတယ်။
သုတေသီများဟာ အဆိုပါအပင်ဟာ သက်တမ်းအနေဖြင့် နှစ်ပေါင်း ၄,၅၀၀ လောက် ရှိပြီဆိုတာလည်း ဆုံးဖြတ် နိုင်ခဲ့ပါတယ်။
၎င်း၏ ကြီးမားတဲ့ အရွယ်အစားအပြင် အခြား ဧရာမပင်လယ်မြက်များနှင့် ကွဲပြားစေသည့် အရာက အခြား မျိုးနွယ်များထက် ဗီဇ ခရိုမိုဆုန်း နှစ်ဆပိုမို ပါဝင်သည့် polyploid မျိုးဖြစ်နေတာကို သိရပါတယ်။

ဒါ့ပြင် ပုံမှန်အားဖြင့် မျိုးပွားသည့်အခါ ဗီဇကို ၅၀ ရာခိုင်နှုန်း မျှဝေခြင်းထက် ၁၀၀ ရာခိုင်နှုန်းကို မျှဝေနေတာ ဖြစ်တယ်လို့ ဩစတေးလျ အနောက်ပိုင်း တက္ကသိုလ် ၏ ဇီဝသိပ္ပံ နှင့် သမုဒ္ဒရာဆိုင်ရာ အင်စတီကျုမှ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဇီဝဗေဒပညာရှင် Elizabeth Sinclair က ပြောပါတယ်။
ဒီအပင်များဟာ ပန်းပွင့်ခြင်းနှင့် အစေ့ထုတ်ခြင်းများကို မအောင်မြင်တောင်မှ အပူချိန်နှင့် ဆားငန်ဓာတ် အများအပြားအပြင် ပြင်းထန်သည့် အခြေအနေများကို ကြုံတွေ့ခဲ့ရင်တောင် ခံနိုင်ရည်ရှိပုံရတယ်လို့ သူမက ဆိုပါတယ်။
အကြီးဆုံး အပင်အဖြစ် ယခင်က စံချိန်တင်ထားသည့် အပင်ဟာ အမြစ်စနစ်တခုထဲဖြင့် ချိတ်ဆက်ထားတဲ့ နယ်မြေချဲ့ထွင်တတ်သည့် Utah ပြည်နယ်မှ Pando အပင်ပဲ ဖြစ်ပါတယ်။
၎င်း၏ နယ်မြေဟာ ၀.၂ စတုရန်းမိုင်လောက်သာ ကျယ်ပြန့်ပေမယ့် ပင်လယ်မြက်ပင်များထက် အဆ ၄၀၀ လောက် ပိုကြီးပါတယ်။ New Atlas ၏ အဆိုအရ Pando ဟာ ဇီဝဒြပ်ထုနှင့် ပတ်သက်လို့ ပိုပြီး ကြီးမားမယ်လို့ သိရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။