ကမ္ဘာပေါ်မှာ သက်ရှိပေါင်းများစွာ ရှိသည့်အပြင် ၎င်းတို့တွင် တမူထူးခြားတဲ့ သဘာဝတွေကို ကိုယ်စီ ပိုင်ဆိုင်ထားကြတာပါ။
ရေကူးအကျွမ်းကျင်ဆုံး၊ အမြန်ဆုံး၊ အသန်မာဆုံး၊ အကြီးဆုံး စတဲ့ အထဲမှ အခုဖော်ပြပေးမှာကတော့ အသံအကျယ်ဆုံး တိရိစ္ဆာန်တွေ အကြောင်းပဲ ဖြစ်ပါတယ်။
TigerPistol Shrimp
အသံအကျယ်ဆုံးထဲမှာ ပုဇွန်တကောင်ပါလို့ အံ့အားသင့်စရာ ကောင်းနေပါလိမ့်မယ်။
အဆိုပါ ပုဇွန်ဟာ မြေထဲပင်လယ်ထဲမှာ ကျင်လည်ကျက်စားလေ့ရှိတဲ့ ပုဇွန်မျိုးဖြစ်ပြီး ၎င်းရဲ့ ပါးစပ်ကနေ အသံပြုတာတော့ မဟုတ်ပါဘူး။

ထူးခြားတာကတော့ ၎င်းရဲ့ လက်မတွေကို အသုံးပြုပြီး ရေများကို တွန်းထုတ်ကာ လေပူဖောင်း တွေကို ထွက်လာအောင် လုပ် ဆောင် ပြီး လေပူဖောင်းတွေ ပေါက်သွားတဲ့အခါ အဲဒီ့ကနေ shockwave တွေ ထွက်လာပါတယ်။
ဖြစ်ပေါ်လာတဲ့ shockwave မှ ထွက်လာတဲ့ အသံဟာ ၂၀၀ ဒက်စီဘယ်လောက် ရှိပြီး ၆ ပေခွဲလောက် အကွာအဝေးမှာရှိတဲ့ အခြား ပုဇွန်တကောင်ကို ဇီဝိန်ခြွေနိုင်လောက်အောင် ပြင်းပါတယ်။
လူ၏ နားဟာ ၁၂၀ ဒက်စီဘယ်လောက်မှာ နာကျင်မှုစတင်ခံစားရပြီး ၁၆၀ ဒက်စီဘယ် လောက်ဆိုရင် နားစည်ပျက်စီးတတ်ပါတယ်။
ဝေလငါးပြာ
ဝေလငါးပြာများဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး သက်ရှိဖြစ်ပြီး အသံအကျယ်ဆုံး ထဲမှာလည်း ပါဝင်ပါတယ်။

၎င်းတို့၏ အသံဟာ ၁၈၈ ဒက်စီဘယ် လောက် ရှိပြီး အပေါ်က ပုဇွန်လိုပဲ ရေထဲမှာနေတဲ့အတွက် လူတွေရဲ့ နားကိုတော့ ထိ ခိုက် မှာမဟုတ်ပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ ရေထဲမှာ နေပါက ဝေလငါးပြာများရဲ့ အသံကို မိုင် ၁ ထောင်လောက်ကနေတောင် ကြားရနိုင်မှာပါ။
Greater Bulldog လင်းနို့
ဒီလင်းနို့တွေဟာ ကာရစ်ဘီယံကျွန်းများတွင် နေထိုင်ကြပြီး အခြား လင်းနို့များလိုဘဲ ပဲ့တင်သံကို အသုံးပြုပြီး အစာရှာဖွေတတ်ကြပါတယ်။

၎င်းတို့ဟာ အင်းဆက်တွေထက် ငါးတွေကို စားသောက်တတ်တဲ့အတွက် ၎င်းတို့ အသံဟာ လေထဲတင်သာမက ၎င်းတို့အစာတွေရှိတဲ့ ရေထဲအထိ ထိုးဖောက်နိုင်စွမ်း ရှိတာကို တွေ့ရပါတယ်။
၎င်းတို့ရဲ့ အသံလှိုင်းဟာ ၁၄၀ ဒက်စီဘယ် လောက်ရှိပြီး လူတွေအတွက် ကံကောင်းတာကတော့ အဲဒီ့ အသံလှိုင်းဟာ ultrasonic လို့ခေါ်တဲ့ လူတွေကြားနိုင်တဲ့ ကြိမ်နှုန်းအလွန်မှာ ထုတ်လွှင့်တာ ဖြစ်ပါတယ်။
Kakapo
၎င်းတို့ဟာ နယူးဇီလန်တွင် ကျက်စားတဲ့ ကမ္ဘာပေါ်တွင် အကြီးဆုံး ကြက်တူရွေးမျိုး ဖြစ်ပြီး မပျံသန်းနိုင်ကြပါဘူး။

အရွယ်အစားဟာ ၂ ပေကျော်လောက်ရှိပြီး အလေးချိန် ၉ ပေါင်လောက်ရှိကာ ကမ္ဘာပေါ်မှာ အရှားပါးဆုံး ငှက်မျိုးစာရင်းဝင်ဖြစ်ပါတယ်။
သက်တမ်း အနှစ် ၉၀ လောက်အထိ ရှင်သန်နိုင်တဲ့ ဒီကြက်တူရွေးဟာ မိတ်လိုက်ဖို့ ထွက်လာတဲ့ အသံဟာ ၁၃၂ ဒက်စီဘယ် အထိ ရှိနိုင်ပါတယ်။
ပုစဉ်းရင်ကွဲ
ပုစဉ်းရင်ကွဲတွေ အသံကျယ်တာကတော့ တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။
၎င်းတို့တွင် greengrocer နှင့် yellow Monday ဆိုပြီး မျိုးရင်း ၂ မျိုးရှိကာ အသံမှာ ၁၂၀ ဒက်စီဘယ် လောက်အထိ ရှိပါတယ်။

ပုစဉ်းရင်ကွဲများ အကြောင်းကို “ပုစဉ်းရင်ကွဲ များ အကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။