ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး မြွေအဖြစ် သတ်မှတ်ထားလေ့ရှိတဲ့ Inland Taipan မြွေဟာ တကယ်တော့ အန္တရာယ် အများဆုံး မြွေတကောင်တော့ မဟုတ်ပါဘူး။
သိပ္ပံ နာမည် Oxyuranus microlepidotus နှင့် အခြား အမည်များကတော့ Fierce Snake၊ Small-scaled Snake နှင့် Lignum Snake စ သည်ဖြင့် ခေါ်ဆိုကြပါတယ်။
၎င်းနှင့် မျိုးနွယ်တူ အတွေ့များပြီး ဒေါသကြီးတတ်တဲ့ Coastal Taipan နဲ့ မတူတာက လူကြောက်တတ်တဲ့ Inland Taipan တွေဟာ အေး ဆေး နေတတ်ပြီး ဝေးလံ ခေါင်သီပြီး မိုးနည်းသည့် ဒေသမှာ ကျက်စားတဲ့ အတွက် တွေ့မြင်ရဖို့ ခဲယဉ်းပါတယ်။
ပုံမှန်အားဖြင့်တော့ ၁.၈ မီတာ အရှည်လောက်အထိ ရှိပြီး အရှည်ဆုံးအနေဖြင့် ၂.၅ မီတာလောက်အထိ ရှိနိုင်ပါတယ်။

Inland Taipan ၏ အပေါ်ယံ မျက်နှာပြင်ဟာ အညိုရင့်ရောင်မှ ကောက်ရိုး ဖျော့ရောင် သို့ ပြောင်းလဲနိုင်ပါတယ်။ ရာသီအလိုက် အရောင်ပြောင်းလဲမှု လုပ်ဆောင်လေ့ရှိပြီး ဆောင်းရာသီတွင် ပိုမို အရောင်ရင့်ကာ နွေရာသီတွင် အရောင်ဖျော့လေ့ ရှိပါတယ်။
ဒီလိုပြောင်းလဲမှုများကြောင့် ရာသီဥတု ဆိုးရွားချိန်မှာ လိုက်လျောညီထွေ ဖြစ်စေပြီး ဆောင်းရာသီတွင် အရောင်ရင့်သောကြောင့် အပူကို ပိုမို ထိရောက်စွာ စုပ်ယူနိုင်ကာ နွေရာသီမှာတော့ ၎င်းနှင့် ပြောင်းပြန် အပူကို စွန့်ထုတ်နိုင်ကာ ခန္ဓာကိုယ်ကို အပူချိန် ထိန်းညှိနိုင်ပါတယ်။
အေးတဲ့ ရာသီဥတုအတွင်း နေ့ပိုင်းမှာ အမဲလိုက်လေ့ရှိပြီး ပူတဲ့ ရာသီဥတုမှာ ညပိုင်းတွင် အမဲလိုက်လေ့ ရှိပါတယ်။
အလေးချိန် ၆ ပေါင်ခန့် အထိ ရှိနိုင်ပြီး သက်တမ်း ၁၅ နှစ်လောက်အထိ နေထိုင်နိုင်ကြပါတယ်။
အထူးသဖြင့် ဦးခေါင်းဟာ အခါအားလျော်စွာ မဲပြောင်ပြောင် အသွင် ပေါ်လွင်နေတတ်ပါတယ်။
၎င်းတို့ကို ဩစတေးလျ နိုင်ငံ Queensland၊ တောင်ပိုင်း နှင့် မြောက်ပိုင်း နယ်နိမိတ်များ ဆုံဆည်းရာ ခြောက်သွေ့ကာ ကျောက်ဆောင်ထူထပ်သည့် လွင်ပြင်များတွင် အက်ကွဲကြောင်းများ နှင့် အကျိုအကြားများ၌ တွေ့ရတတ်ပါတယ်။

Inland Taipan ဟာ ၎င်း၏ အနှစ်သက်ဆုံး အစာဖြစ်သည့် အမွှေးရှည်ကြွက်များကို အမဲလိုက်သည့်အခါ ၂၀၀ ဂရမ်လောက်ရှိသည့် ကြွက်ကို ဇီဝိန်ချွေဖို့ လိုအပ်တဲ့ အဆိပ် ပမာ ဏထက် အဆပေါင်း ၄ ထောင်လောက်အထိ ထိုးသွင်း ကိုက်ခဲ တတ်လို့ သားကောင်ဟာ တုန့်ပြန်ဖို့ အခွင့်အလမ်း နည်းပါးပါတယ်။
မြွေထဲမှာ အဆိပ်အပြင်းဆုံး မြွေဖြစ်ပေမယ့် Mulga snake (Pseudechis australis) ခေါ် King Brown snake များကတော့ Inland Taipan ၏ အဆိပ်ကို ခံနိုင်ရည် ရှိပြီး ငယ်ရွယ်သည့် Inland Taipan များကို စားသုံးတတ်ပါတယ်။
ဖြေဆေး ရရှိခဲ့ပုံ
၁၉၅၀ ခုနှစ်မှာ မြွေအပျော်တမ်းလေ့လာသူ တယောက်ဖြစ်သည့် Kevin Budden ဟာ ၆ ပေလောက်ရှိတဲ့ Inland Taipan တကောင်ကို ဖမ်းယူခဲ့ရာ လက်မတွင် အကိုက်ခံခဲ့ရပါတယ်။
၎င်းအတွက် Tiger snake ရဲ့ အဆိပ်ဖြေဆေးကို ထိုးနိုင်ခဲ့ပေမယ့် သွေးခဲခြင်းကိုသာ ကာကွယ်နိုင်ခဲ့ပြီး နောက်ထက် အဆိပ်၏ သက် ရောက်မှု တခုဖြစ်တဲ့ သွက်ချာပါဒ လိုက်ခြင်းကိုတော့ မကာကွယ်နိုင်ခဲ့ပဲ ဆုံးပါးခဲ့ပါတယ်။
Kevin Budden ဖမ်းယူခဲ့တဲ့ မြွေကို မဲလ်ဘုန်းရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်နိုင်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှာတော့ Inland Taipan အတွက် မြွေဆိပ်ဖြေဆေးကို ဖန်တီးနိုင်ခဲ့ပါတယ်။
လူအပေါ် အန္တရာယ် သက်ရောက်နိုင်မှုများ
၎င်းတို့ဟာ Coastal Taipan နှင့် နှိုင်းယှဉ်ပါက အမှန်တကယ်ပင် လူကြောက်တတ်ပြီး တွားသွားတိရစ္ဆာန် ထိန်းသိမ်းသူများစွာဟာ အနေအေးတဲ့ မြွေအဖြစ် သတ်မှတ်ထားပါတယ်။
သို့ပေမယ့် မည်သည့် တိရစ္ဆာန်ဖြစ်စေ ၎င်းတို့ကို ရန်မူတဲ့ ပုံစံ လုပ်ဆောင်ရင်တော့ သူ့ကိုယ်သူ ကာကွယ်မှာပဲ ဖြစ်ပါတယ်။

၎င်းဟာ ရန်မူခံရပါက ပထမဆုံး ရန်သူကို မျက်နှာမူကာ ခန္ဓာကိုယ်ရှေ့ပိုင်းကို မြှင့်၍ ခေါင်းကိုနှိမ့်ကာ S ပုံစံကွေးပြီး ခြိမ်းခြောက်သည့်ပုံစံ ပြသလေ့ရှိပါတယ်။
လျှင်မြန်စွာ လှုပ်ရှားနိုင်ပြီး တိကျစွာ တိုက်ခိုက်နိုင်သည့်အပြင် တခါတရံမှာ တူညီတဲ့ တိုက်ခိုက်မှုမျိုးကို အကြိမ်ပေါင်းများစွာ ဆက်တိုက် ပြုလုပ်နိုင်စွမ်းရှိပါတယ်။
အဆိုပါ အမူအရာကို လျစ်လျူရှုပါက Inland Taipan ၏ တချက် သို့မဟုတ် အချက်ပေါင်းများစွာ ကိုက်ခဲခြင်းကို ခံရမှာ ဖြစ်ပါတယ်။
မှတ်တမ်းအချို့အရ Inland Taipan မြွေဟာ ၈ ကြိမ်လောက်အထိ ဆက်တိုက် အချက်ပေါင်းများစွာ တိုက်ခိုက်နိုင်တယ်လို့ သိရပါတယ်။
အဆိပ်တက်သည့် လက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ မူးလဲခြင်းနှင့် သွက်ချာပါဒ လိုက်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။
၎င်း၏ အဆိပ်ဟာ ကြွက်များနှင့် စမ်းသပ်သည့် LD50 စမ်းသပ်မှု များအရ 0.025mg/kg ရှိပြီး ကမ္ဘာ့ပေါ်တွင် အစွမ်း အထက်ဆုံး လို့ သတ် မှတ် ထားကာ အရွယ် ရောက်ပြီး လူတယောက်ကို ၄၅ မိနစ်အတွင်း ဇီဝိန်ချွေနိုင်ပါတယ်။
ဒါ့အပြင် ပြင်းထန်လွန်းလှတဲ့ neurotoxic အဆိပ်တွင် ပိုမို စုပ်ယူနှုန်းကို မြင့်တက်စေတဲ့ hyaluronidase အင်ဇိုင်းပါဝင်တဲ့အတွက် ပျံ့နှံ့မှုကို လျှင်မြန်စေပါတယ်။
တခါကိုက်ပါက အဆိပ် ပမာဏ ၄၄ မီလီဂရမ်ခန့် မှ အများဆုံး ၁၀၁ မီလီဂရမ်အထိ ထုတ်နိုင်ပြီး ၎င်း၏ အဆိပ်ဟာ ၁၆၉ မီလီဂရမ်မှ ၆၁၀ မီလီဂရမ်အကြား အဆိပ်ထုတ်နိုင်တဲ့ အိန္ဒိယ မြွေဟောက် (Naja naja) ထက် အဆ ၅၀ ခန့် ပိုပြီး ပြင်းတယ်လို့ သိရပါတယ်။

အဆိပ်ဖြင့် တကြိမ် ကိုက်ခဲမှုဟာ လူ ၁၀၀ သို့မဟုတ် ကြွက် ၂ သိန်းခွဲစာ လောက်ကို ဇီဝိန် ချွေနိုင်ပြီး သွပ်ချာပါဒ ဖြစ်ခြင်း နှင့် သွေလွန်ခြင်းတို့ကို ဖြစ်စေ နိုင်သော်လည်း မုဆိုးရွာမှ ၁၇ နှစ်အရွယ် လူငယ် တယောက်ဟာ အကိုက်ခံ ရပြီး အချိန် အတော်ကြာမှ ဆေးရုံသို့ ရောက်ရှိခဲ့ပေမယ့် အသက်ဘေးမှ လွတ်မြောက်ဖူးပါတယ်။
ရှေးဦးပြုစုမှနှင့် စနစ်တကျ ကုသနိုင်မှုများကြောင့် လက်ရှိတွင် Inland Taipan ကြောင့် အသက်ဆုံးရှုံးရတာမျိုးတော့ တဦးတယောက်မှ မရှိဖူး သေးဘူးလို့ သိရပါတယ်။
Reference: Australian.museum၊ Reptilepark၊ Australiangeographic၊ Factanimal၊ Sydney Morning Herald၊ Critter.science၊ Billabongsanctuary၊ Wikipedia
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။