ဒီလိုစံချိန်ချိုးဖျက်ဖို့ကို ဆိုဗီယက်ရဲ့သူရဲကောင်းလို့ တရားဝင်အသိအမှတ်ပြုခံထားရတဲ့ လေယာဉ်စမ်းသပ်မောင်းနှင်တဲ့ pilot အလက်ဇန်းဒါး ဖီဒိုတော့ဗ်ဟာ သုတေသနပြုလုပ်ရန်ထုတ်လုပ်ထားတဲ့ MiG-25 ကိုမောင်းနှင်ခဲ့တာပါ။
လူတွေဟာ MiG-25 လေယာဉ် စံချိန်တင်ထားတာကို သိကြပေမယ့် ဘာလို့ စံချိန်တင်နိုင်ခဲ့တာရယ် အဲဒါကို စွမ်းဆောင်နိုင်ခဲ့တဲ့ pilot အကြောင်းရယ်ကိုကျတော့ မသိကြပါဘူး။
အဲဒီ့လေယာဉ်ဟာ တကယ်တော့ တကယ်တော့ ပုံမှန် MiG-25 တွေရဲ့ အင်ဂျင်နေရာမှာ ပိုပြီး စွမ်းအားကောင်းတဲ့ R15BF2-300 အင်ဂျင်ကိုပြောင်းလဲတပ်ဆင်ထားတဲ့ MiG-25RB လေယာဉ်ဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ ဆိုဗီယက်တို့ မထုတ်လုပ်ဖြစ်ခဲ့တဲ့ MiG-25M ရဲ့ ရှေ့ပြေးပုံစံထုတ်လုပ်ဖို့ စမ်းသပ်တဲ့ အစီအစဉ်မှာလဲ တစိတ်တပိုင်းပါဝင်ပါတယ်။

၁၉၇၇ သြဂုတ်လ ၂၁ ရက်မှာ အမြင့်ပေ ၁၂၃,၅၂၃ ပေ (၃၇,၆၅၀ မီတာ) အထိ ပျံသန်းပြီးတော့ MiG-25 ဟာ ကမ္ဘာ့အမြင့်ဆုံး ပျံတက်နိုင်တဲ့ စံချိန်ကိုချိုးနိုင်ခဲ့ပါတယ်။ federation Aeronautique Internationale (FAI) အဆိုအရ ယနေ့အချိန်အထိ ဒီစံချိန်ကိုချိုးဖျက်နိုင်တဲ့လေယာဉ် မရှိသေးပါဘူး။
ဖီဒိုတော့ဗ်ဟာ လူတိုင်းလေးစားရတဲ့ ဆိုဗီယက် စမ်းသပ်မောင်းနှင်ရေး ပိုင်းလော့ဖြစ်ပြီး ၁၉၃၂ ဇွန်လ ၂၃ ရက်နေ့ စတာလင်ဂရတ်မြို့မှာ မွေးဖွားခဲ့တာပါ။ သူဟာ မော်စကို လေကြောင်းသက်မွေးကျောင်းကနေ ဘွဲ့ရခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။
သူဟာ ၁၉၅၈ ကတည်းက MiG-19, MiG-23, MiG-29 နှင့် MiG-31 တွေကို စမ်းသပ်မောင်းနှင်ပေးရာမှာ ကူညီခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စုမှာ ပထမဆုံး အသံထက် ၃ ဆအမြန်ထိမောင်းနိုင်တဲ့ လေယာဉ်မှူးတစ်ယောက်ဖြစ်လာပါတယ်။
သူဟာ စမ်းသပ်မောင်းနှင်ရေး ပိုင်းလော့အဖြစ် တာဝန်ယူနေစဉ်အတွင်းမှာ ကမ္ဘာ့စံချိန် ၁၅ ခုလောက်တင်ထားနိုင်ခဲ့ပါတယ်။ အဲဒီ့ထဲကတစ်ခုကတော့ ဒီ MiG-25 ကိုမောင်းနှင်တာပါပဲ။
သူဟာအင်ဂျင်ပြောင်းလဲတပ်ဆင်ထားတဲ့ သုတေသနပြု MiG-25 ကို ပိုမော့စကာဗနာမြို့အထက် ကောင်းကင်ယံမှာ ပျံသန်းရင်းနဲ့ အမြင့်ပေ ၁၂၃,၅၂၃ ပေကို ရောက်ရှိခဲ့တာပါ။
ဒါဟာ မြေပြင်မှ ကိုယ်ပိုင်အင်ဂျင်သုံးပြီး အကူအညီမပါဘဲ ပျံတက်နိုင်တဲ့လေယာဉ်ထဲမှာ အမြင့်ဆုံးရောက်ရှိခဲ့တဲ့ စံချိန်ပဲဖြစ်ပါတယ်။
ဘာလို့ အဲဒီလို သုံးနှုံးရတာလဲဆိုတော့ altitude အမြင့်မှာပျံသန်းဖို့အတွက် လေယာဉ် တော် တော် များများဟာ အကူအညီလေယာဉ်ဖြင့် ကျောပိုးပြီးဖြစ်စေ ချိတ်ဆွဲပြီးဖြစ်စေ ပျံသန်းရတာပါ။
၁၉၆၆ ကတည်းက ဆိုဗီယက်ရဲ့သူရဲကောင်းလို့ သတ်မှတ်ခံရပြီးသား ဖီိုတော့ဗ်ဟာ ဗိုလ်မှူးချုပ်ဖြစ်လာပြီးတော့ နိုင်ငံရဲ့ ဂုဏ်ပြုခံနည်းပြတစ်ယောက်ပါဖြစ်လာပါတယ်။
သူဟာ ၁၉၈၄ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ MiG-31 ကို tailspin test စမ်းသပ်မောင်းနှင်ရင်း ပြန်လည်မထိန်းကျောင်းနိုင်ဘဲ ပျက်ကျသေဆုံးခဲ့ပါတယ်။
Tailspin test ဆိုသည်ကိုအနည်းငယ်ရှင်းပြပါမယ်။ လေယာဉ်တွေဟာ ပင့်တင်မှုအားရှိမှပျံသန်းနိုင်တာပါ။ အဲဒီ့ပင့်တင်မှုကို ကျဆင်းသွားနိုင်တဲ့ အနေအထားတွေရှိပါတယ်။
အဲဒါတွေဟာ လေယာဉ်ကိုယ်ထည်ဒီဇိုင်းပေါ်မူတည်ပြီးကွာခြားပါတယ်။ အဲဒီ့ပင့်တင်မှုလွတ်သွားချိန်မှာတော့ လေယာဉ်ဟာ stall ဖြစ်ပြီး ကောင်းကင်ပေါ်ကနေ မထိန်းနိုင်တော့ဘဲ ပြုတ်ကျပါတယ်။ Tailspin test ဆိုတာ ထိုသို့ လည်ထွက်ပြီး ပြုတ်ကျတာကို ပြန်လည်ထိန်းချုပ် ပျံသန်းနိုင်ဖို့ကိုစမ်းသပ်တာဖြစ်လို့ အလွန်ကို အန္တရာယ်များပါတယ်။

ဒါကြောင့် အရမ်းကိုကျွမ်းကျင်တဲ့ စမ်းသပ်မောင်းနှင်ရေး ပိုင်းလော့များကိုအသုံးပြုပြီး စမ်းသပ်ရပါတယ်။
ဒါကြောင့် စမ်းသပ်မောင်းနှင်ရေး ပိုင်းလော့များဟာ သာမန်ပိုင်းလော့များထက် ပိုပြီးစွန့်စားရပါတယ်။ ဘယ်လိုအခြေအနေမှန်းမသိတဲ့လေယာဉ်တွေကို ကိုယ်စွမ်းကိုယ်စနဲ့ စမ်းသပ်မောင်းနှင်ရတာဖြစ်လို့ပါ။
MiG-25 တွေဟာ စံချိန် ၂၉ ခုကိုချိုးဖျက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလေယာဉ်တွေအကုန်လုံးဟာ အသံထက် ၃ ဆအထက်ပျံသန်းနိုင်ပေမယ့် ၂.၈ ဆကျော်တာနဲ့ အင်ဂျင်ကို ပျက်ဆီးစေလို့ အမြဲတမ်းတော့ ဒီအရှိန်နဲ့ ပျံသန်းလို့မရပါဘူး။
ဒီလိုလေယာဉ်မျိုးကို ဒီလိုစံချိန်တွေရောက်ရှိအောင်လုပ်ဆောင်နိုင်တာဟာ ဖီဒိုတော့ဗ်လို့ သေရဲတဲ့လူတွေရှိလို့ပါ။
ဒါကြောင့်မလို့ ဒီဆောင်းပါးလေးနဲ့ ဆိုဗီယက် သူရဲကောင်း ဖီဒိုတော့ဗ် အပါအဝင် စမ်းသပ်မောင်းနှင်ရေး ပိုင်းလော့များ ကိုဂုဏ်ပြုလိုက်ရပါတယ်ခင်ဗျာ။
Knowledgeworms Copyright © 2021