ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက် ၅ ခု

Knowledge Tech

မိုးမျှော်တိုက်ကြီးများဟာ မြင့်မားရှည်လျားသလောက် ဆွဲဆောင်မှုလည်း ရှိကြပါတယ်။  ကွန်ကရစ်၊ သံမဏိနှင့်ဖန်များဖြင့်ပြုလုပ်ထားသော အံ့သြဖွယ် မိုးမျှော်တိုက်များဟာ တိမ်တိုက်တွေရဲ့ အထက်မှာရှိနေပြီး ကောင်ကင်ပေါ်သို့ ထာဝစဉ် ထိုးတက်သွားတယ်လို့တောင် ထင်ရပါတယ်။

၁၈၅၅ ခုနှစ်တွင် ချီကာဂို၌ တည်ဆောက်ခဲ့တဲ့ အာမခံအဆောက်အအုံဟာ ကမ္ဘာ့ပထမဆုံးမိုးမျှော်တိုက် အဆောက်အအုံဖြစ်ခဲ့ပြီး အမြင့်ပေ ၁၈၀ သာမြင့်ကာ အထပ်ပေါင်း ၁၀ ထပ်သာရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၁၄၅၄ ပေမြင့်တဲ့ Empire State Building ဟာကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံအဖြစ် ရာစုနှစ် တစ်ဝက်နီးပါး ရပ်တည်ခဲ့ပါတယ်။  ယခုအခါမှာတော့ ၎င်းအ‌ဆောက်အအုံများဟာ ထိပ်ဆုံးအဆင့် ၄၀ စာရင်းတွင်ပင် ရှိမနေတော့ပါဘူး။

ယခုဖော်ပြပေးမှာကတော့ လက်ရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး ၅ ခု အကြောင်းပဲဖြစ်ပါတယ်။

၁။ ဘာ့ဂျ် ခလီဖာ(Burj Khalifa)၊(အာရပ်စော်ဘွားများပြည်ထောင်စု)

ဘာ့ဂျ် ခလီဖာ မိုးမျှော်တိုက်ဟာ အာရပ်စော်ဘွားများပြည်ထောင်စုမှာ တည်ရှိပါတယ်။မြေပြင်အထက် ၂၇၁၇ ပေ အမြင့်ရှိပြီး အထပ်ပေါင်း ၁၆၃ ထပ် ရှိကာ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦး အဖြစ်ရပ်တည်လျှက် ရှိပါတယ်။ ထိုအမြင့်ဟာ ပြင်သစ်က Eiffel Tower ထက် သုံးဆမြင့်ပြီး Empire State Building ထက်နှစ်ဆ နီးပါး မြင့်ပါတယ်။ 

ဘာ့ဂျ် ခလီဖာ မိုးမျှော်တိုက်ကို ၂၀၁၂ ခုနှစ်က အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ပါတယ်။စုစုပေါင်း ကုန်ကျစရိတ်ကတော့ ၁ ဒသမ ၂ ဘီလီယံပါ။ မူလကကို Burj Dubai ဟုအမည်ပေးခဲ့ပြီး နောက်ပိုင်းတွင် ဘာ့ဂျ် ခလီဖာ လို့ နာမည်ပြောင်းခဲ့ပါတယ်။ 

အဆောက်အအုံတွင် ရုံးခန်းများ၊‌ ရှော့ပင်းမောလ် ၊လူနေအိမ်ရာများနှင့် Armani Hotel တို့ပါ၀င်တယ်။ 

၂။ရှန်ဟိုင်း မျှော်စင်(Shanghai Tower)၊(တရုတ်)

ရှန်ဟိုင်းမျှော်စင်ဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် တည်ရှိပါတယ်။ မြေပြင်အထက် ၂၀၇၃ ပေအမြင့်ရှိပြီး အထပ်ပေါင်း ၁၂၆ ထပ်ပါ၀င်ကာ ဒုတိယမြောက် အမြင့်ဆုံး အဆောက်အဦး ဖြစ်ပါတယ်။ 

ရှန်ဟိုင်း‌မျှော်စင်ကို ၂၀၀၆ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ မတ်လမှ လုပ်ငန်း အပြီးသတ်ခဲ့တဲ့ အတွက် ရှစ်နှစ်ကြာခဲ့ပါတယ်။

၃။မက္ကာ တော်ဝင် နာရီမျှော်စင် (Makkah Royal Clock Tower)၊(ဆော်ဒီအာရေဗျ)

မက္ကာတော်ဝင်နာရီမျှော်စင်ဟာ ကမ္ဘာ့အကြီးဆုံးဗလီရှိရာ ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့မှာ တည်ရှိပါတယ်။‌ မြေပြင်အထက် ၁၉၇၂ ပေမြင့်ပြီး အထပ်ပေါင်း ၁၂၀ ရှိတဲ့ ကမ္ဘာ့တတိယ အမြင့်ဆုံး အဆောက်အဦပဲ ဖြစ်ပါတယ်။ 

နှစ်စဉ်မက္ကာသို့ ဝတ်ပြုဆုတောင်းရန် လာရောက်သည့် သန်းပေါင်းများစွာသော ဧည့်သည်များကို လက်ခံရန် Fairmont Hotel လည်း ၎င်းတာဝါတွင်ရှိပါတယ်။
 
ဆောက်လုပ်ရေးကုန်ကျစရိတ် အနေဖြင့် ဒေါ်လာ ၁၅ ဘီလီယံ ကုန်ကျခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး အဆောက်အဦးလည်းဖြစ်ပါတယ်။

၄။ပန်အန်း ဘဏ္ဍာရေး စင်တာ (Ping An Finance Centre)၊ (တရုတ်)

ပန်အန်း ဘဏ္ဍာရေး စင်တာ အဆောက်အဦးဟာ တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ တည်ရှိပါတယ်။ မြေပြင်အထက် ၁၉၆၅ ပေမြင့်ပြီး အထပ်ပေါင်း ၁၁၅ ထပ်ရှိကာ စတုတ္ထနေရာတွင် ရပ်တည်နေပါတယ်။ 

ကနဦး တည်ဆောက်သူများဟာ ရှန်ဟိုင်းတာဝါကိုကျော်လွန်ရန် စင်တာပေါ်တွင် ပေ ၂၀၀ အမြင့်ရှိတဲ့ အင်တာနာတိုင်ကို ထည့်ရန်ဆုံးဖြတ်ခဲ့ကြပါ‌သေးတယ်။ 

သို့သော် လေယာဉ် ပျံသန်းမှုလမ်းကြောင်းများကို အနှောင့်အယှက်ဖြစ်မည် စိုးရိမ်သောကြောင့် ၎င်းအစီအစဉ်ကို ဖျက်ပစ်လိုက်ကြပါတယ်။

၅။လော်တီ ကမ္ဘာ့ မျှော်စင် (Lotte World Tower)၊(တောင်ကိုရီးယား)

လော်တီ ကမ္ဘာ့ မျှော်စင် ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် တည်ရှိပြီး၊ ပဉ္စမမြောက်အမြင့် ဆုံးဖြစ်ပါတယ်။မြေပြင်အထက် ၁၈၂၁ ပေမြင့်ပါတယ်။မြေပြင်အပေါ်အထပ်ပေါင်း ၁၂၃ ထပ်ရှိပြီး မြေအောက်မှာ ၆ ထပ်ရှိပါတယ်။

၂၀၁၁ ခုနှစ် စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါတယ်။ကမ္ဘာပေါ်ရှိ အခြားမိုးမျှော်တိုက်များကဲ့သို့ အဆောက် အအုံတွင် ရုံးခန်းများ၊‌ ရှော့ပင်းမောလ် ၊လူနေအိမ်ရာများနှင့် ဟိုတယ်တို့ပါ၀င်တဲ့ အဆောက်အဦး တစ်ခုဖြစ်ပါတယ်။ မျှော်စင်ရှိ ဟိုတယ်ဟာဆို တောင်ကိုရီးယားနိုင်ငံ၏ နောက်ဆုံးပေါ် အထင်ကရ ဇိမ်ခံ ဟိုတယ်တစ်ခုလည်း ဖြစ်ပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *