“တကယ်လို့ ကျွန်တော်တို့ဟာ ဥာဏ်စမ်း ပုစ္ဆာတွေကို ဖြေရှင်းနေသလိုမျိုး တွေးပြီး ကုတ်ဒ်တွေရေးနိုင်ပါက ပရိုဂရမ်းရေးရတာ ခက်ခဲတယ်လို့ မထင်ရတော့ဘဲ ပျော်လာပါလိမ့်မယ်”
ဟုတ်ပါတယ်။ အထက်ပါစကားကို မကြာသေးမီက ၆ နှစ်အရွယ် နှင့် ကမ္ဘာ့ အငယ်ဆုံး Python ပရိုဂရမ်ရေးသူ ဖြစ်လာတဲ့ Kautilya Katariya က ပြောတာပါ။
၎င်းဟာ ကိုဗစ်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချရန်နှင့် တခုခု အသုံးဝင်တာ သင်ယူနိုင်ဖို့ အွန်လိုင်းမှ IBM သင်ခန်းစာများကို လေ့လာခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာလ ၂၀၂၀ မှာ Katariya ဟာ “AI ဥာဏ်ရည်တု ဆိုင်ရာ အခြေခံများ” နှင့် “အချက်အလက် သိပ္ပံအတွက် Python” နှင့် IBM သိမြင်မှုဆိုင်ရာ အတန်းမှ သင်ခန်းစာတခု ပါအဝင် IBM နှင့် Python သင်ခန်းစာ ၅ ခုကို သင်ယူပြီးစီးခဲ့ပါတယ်။

ထို့နည်းတူ Katariya ဟာ ကမ္ဘာပေါ်မှာ အသက် အငယ်ဆုံး ပရိုဂရမ်ရေးသားသူ အဖြစ် ဂင်းနစ်စံချိန်တွင် မှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။
Katariya ဟာ ပရိုဂရမ်များနှင့် ဥာဏ်ရည်တု နည်းပညာများအတွက် စာအုပ်များနှင့် ပညာရေးဆိုင်ရာ အရင်းအမြစ်များကို တလျှောက်လုံး ကူညီပေးခဲ့သည့် မိဘ နှစ်ပါးအတွက်လည်း ဂုဏ်ယူနေခဲ့ပါတယ်။
သူ့ရဲ့ မိဘတွေဟာ ပညာဆက်လက် သင်ကြားနိုင်ရန်အတွက် လက်ပ်တော့ ကွန်ပျူတာ တလုံးနှင့် အင်တာနက် ချိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
Katariya ၏ မိဘများကြောင့် အခြား မိဘများလည်း မိမိ၏ ကလေးအား ဘာသာရပ်လေ့လာမှုနှင့် ပတ်သက်ပြီး ကောင်းမွန်သော အကြံဥာဏ်တချို့ကို ရရှိစေပါတယ်။
သူရဲ့မိဘများမှ ကလေးများအား ယုတ္တိဗေဒ ဆိုင်ရာ စဉ်းစားတွေးခေါ်မှုနှင့် ပြသနာ ဖြေရှင်းနိုင်စွမ်းကို ဖွံ့ဖြိုးစေသော ပရိုဂရမ်းရေးနည်း ကို အခြား စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများကို လုပ်သလိုမျိုး နည်းဖြင့် သင်ယူစေသင့်တယ်လို့ ဆိုပါတယ်။

ဒီနည်းလမ်းဖြင့် ပရိုဂရမ် လေ့လာမှုကို ဘာသာရပ်တခုအနေဖြင့် မတွေးတော့ဘဲ ပိုမို လေ့လာနိုင်ရန် တွန်းအားပေးနိုင်မှာ ဖြစ်တယ်လို့ အကြံပေးထားပါတယ်။
Katariyaက “ကွန်ပျူတာ ပရိုဂရမ် ရေးရတာဟာ တကယ်ကို ပျော်စရာကောင်းပြီး ဥာဏ်စမ်း ပုစ္ဆာတွေ ဖြေဆိုနေရတဲ့အတိုင်းပါပဲ” လို့ ဆိုပါတယ်။
ဗြိတိန် Northampton တွင် နေထိုင်တဲ့ Katariya ဟာ လက်ရှိတွင် ဘာသာရပ်များ ဆက်လက် လေ့လာနေပြီး တနေ့တွင် အလုံးစုံ သုံးနိုင်တဲ့ ဥာဏ်ရည်တု ပရိုဂရမ်တခုကို ရေးဆွဲနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ အငယ်ဆုံး ပရိုဂရမ်ရေးသားနိုင်သူက အခုလိုမျိုး တိုက်တွန်းထားတဲ့အတွက် လက်ရှိ ပရိုဂရမ် ရေးနည်းကို လေ့လာနေတဲ့ သူများလည်း ဒီလို စိတ်မျိုးနဲ့ ကြိုးစားကြည့်ရင် Katariya လိုမျိုး ဖြစ်နိုင်မယ်ဆိုတာ အသေအချာပါပဲ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။