အစ္စရေး သိပ္ပံပညာရှင်များက အထူးပရိုတင်းဓါတ်အကူအညီနဲ့ ဓါတ်ခွဲခန်းသုံး ကြွက်တွေရဲ့အသက်ကို ၂၃ ရာခိုင်နှုန်း တိုးတက်အောင်စွမ်းဆောင်နိုင်ခဲ့ပြီး လူ့သက်တမ်းကိုလည်းအနှစ် (၁၂၀)တန်းအထိ ဆွဲဆန့်နိုင်စေမည့် လမ်းစဖြစ်နိုင်တယ်လို့ ၎င်းသုတေသီတွေကဆိုပါတယ်။
၎င်းသိပ္ပံပညာရှင်များက Sirtuin (SIRT6) ပရိုတင်းထုတ်လုပ်မှုကို အားဖြည့်ပေးခဲ့ပါတယ်။ ဒါဟာ အိုမင်း ရင့်ရော်မှုကို ထိန်းချုပ်ပေးသလို အရွယ်ရလာတာနဲ့ စွမ်းရည်လဲ လျော့နည်းလာတတ်ပါတယ်။
ဓါတ်ခွဲခန်းသုံး ကြွက်ကောင်ရေ ၂၅၀ နဲ့ စမ်းသပ်ခဲ့ရာမှာတော့ ထူးဆန်း အံ့ဩဖွယ် ရလာဒ်တွေ ထွက်လာပါတယ်။
စမ်းသပ်ခံ ကြွက်တွေရဲ့ မျှော်မှန်းသက်တမ်းဟာ သာမန်ကြွက်တွေထက် ၂၃ ရာခိုင်နှုန်းတက်လာတဲ့အပြင် ပိုပြီးနုပျိုလာသလို ကင်ဆာခုခံနိုင်စွမ်းပါ ထက်မြက်တိုးတက်လာကြောင်း ဖော်ပြထားပါတယ်။

ဒီကြွက်တွေမှာ တွေ့ရတဲ့ပြောင်းလဲမှုတွေကို လူတွေနဲ့စမ်းသပ်ရင်လဲ တွေ့နိုင်ခြေရှိလို့ စိတ်လှုပ်ရှားမိတယ်လို့ဆိုပါတယ်။လူတွေမှာလဲ တူညီတဲ့ ပရိုတင်းပမာဏ ရသွားမယ်ဆိုရင် မျှော်မှန်းသက်တမ်းဟာ နှစ် ၁၂၀ နီးပါးဖြစ်သွားနိုင်တယ်လို့ Bar Ilan တက္ကသိုလ် သုသေတီ ခေါင်းဆောင် ပါမောက္ခ Haim Cohen က အစ္စရေးသတင်းစာကို ပြောကြားခဲ့ပါတယ်။
သုသေတီတွေဟာ SIRT6 ပရိုတင်းပမာဏကို လူ့ကိုယ်ထဲသို့ ဘေးကင်းကင်းနဲ့ဖြည့်တင်းပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေနေကြပါတယ်။ ကြွက်တွေကိုတော့ မျိုးဗီဇ ပြောင်းပေးထားပါတယ်။ လူတွေကတော့ လိုအပ်တဲ့ပမာဏရဖို့ ဆေးသောက်သင့် သောက်ရမယ်လို့ဆိုပါတယ်။
SIRT6 ပရိုတင်းပမာဏ မြှင့်တင်ပေးမဲ့ မော်လီကျူးလေးတွေကို သုတေသန လုပ်နေသလိုပဲ လက်ရှိပရိုတင်းပမာဏကို လှုံ့ဆော်ပေးဖို့လည်း လုပ်နေပါတယ်။ လာမည့် ၂ နှစ် ၃ နှစ်အတွင်း ခိုင်မာတဲ့ ရလာဒ် ထွက်လာမယ်လို့ မျှော်လင့်ထားပါတယ်လို့ ပါမောက္ခ Cohen ကဆိုပါတယ်။
Cohen ဟာ သုသတသနကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး ကြွက်သက်တမ်းကို ၁၅ ရာခိုင်နှုန်းအထိတိုးတက်စေခဲ့ကြောင်း ၂၀၁၂ ခုနှစ်က တင်ပြခဲ့ပါတယ်။
လက်ရှိသုတေသနမှာ အမေရိကန် အမျိုးသားကျန်းမာရေးအင်စတီကျူးရှင်းက ပါမောက္ခ Rafael de Cabo တို့လို ပုဂ္ဂိုလ်တွေပါဝင်လာတဲ့အတွက် နိုင်ငံတကာဆန်ပြီး ရလဒ်ကလဲ အားရစရာပါ။
အစာမရှိရင် ခဏလေးအတွင်းမှာပဲ အဆီဓါတ်နဲ့လက်တစ်အက်ဆစ်ကနေ စွမ်းအင်ထုတ်ယူဖို့ ပျက်ကွက်သွားတာဟာ ကြွက်တွေ အိုမင်းလာတဲ့သဘောပါပဲ။
SIRT6 ပရိုတင်းမြင့်မားတဲ့ကြွက်တွေကတော့ အသက်ကြီးလာပေမယ့်လဲ ဒီလိုပြဿနာတွေ မရှိပါဘူး။ သာမန်အသက်ရှည်တာတင်မဟုတ်ပဲ ဘဝသုခကိုပါ ပိုင်ဆိုင်ထားသလိုပါပဲ။ဘာလို့လဲဆိုတော့ ကိုလက်စထရောလဲနည်းပါး ၊ ကင်ဆာရောဂါလဲ သိပ်မဖြစ်တော့တဲ့အပြင် မြန်မြန်ပြေးလွှားနေနိုင်လို့ပဲ ဖြစ်ပါကြောင်း သိရပါတယ်။
ပြည့်ဖြိုးဖေ