ခေတ်သစ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့လူဦးဟာ လာမည့်ရာစုနှစ်အတွင်း ကျဆင်းလာမယ်လို့ ခန့်မှန်းထားပြီး ၎င်းကို “ကျွန်တော်တို့ရဲ့ လူ့ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲမှုဇာတ်လမ်း” နှင့်အတူ လူတို့၏ဘဝနေထိုင်ပုံတွင် လေးနက်သောပြောင်းလဲမှုတွေကို ယူဆောင်လာမှာဖြစ်ပါတယ်။
လက်ရှိကမ္ဘာ့လူဦးရေဟာ ၇.၈ ဘီလီယံခန့်ရှိပါတယ်။
အဆိုပါ အရေအတွက်က လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ၂၁၀၀ ခုနှစ်တွင် ၈.၈ ဘီလီယံအထိမကျဆင်းမီ ၂၀၆၄ ခုနှစ်တွင် လူပေါင်း ၉.၇ ဘီလီယံဝန်းကျင်သို့ တဟုန်ထိုးတိုးလာမယ်လို့ ခန့်မှန်းရရှိထားကြောင်း The Lancet တွင် ထုတ်ဝေထားသည့် လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။
“ကမ္ဘာ့လူဦးရေ ကျဆင်းသွားတဲ့ နောက်ဆုံးအချိန်က ပလိပ်ကပ်ရောဂါကြောင့် ၁၄ ရာစု အလယ်ပိုင်းမှာ ဖြစ်ပါတယ်။
အကယ်၍ ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်မှန်ကန်ပါက ဒါဟာ ကပ်ရောဂါ သို့မဟုတ် အငတ်ဘေးကဲ့သို့သော ဖြစ်ရပ်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် မွေးဖွားနှုန်းကျဆင်းမှုကြောင့် ပထမဆုံးအကြိမ် လူဦးရေကျဆင်းမှုဖြစ်လိမ့်မယ်” လို့ လေ့လာမှု၏ ဦးဆောင် ရေးသားသူနှင့်
Institute for Health Metrics and Evaluation (IHME) မှ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးပါမောက္ခ Stein Emil Vollset က ပြောကြားခဲ့ပါတယ်။

ကလေးမွေးဖွားနှုန်းနှင့် သက်ကြီးရွယ်အိုဦးရေ နည်းပါးသော ဂျပန်၊ ထိုင်း၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ တောင်ကိုရီးယားနှင့် အခြားနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံအထိ သူတို့ရဲ့ လူဦးရေမှာ ၅၀ ရာခိုင်နှုန်းကျော် လျော့နည်းသွားတာကို မြင်တွေ့နိုင်ခဲ့ပါတယ်။
အတားအဆီးမရှိ လူဦးရေတိုးပွားမှုနှင့် ဆက်စပ်နေလေ့ရှိသည့် တရုတ်နိုင်ငံတောင် ၂၀၁၇ ခုနှစ်တွင် လူဦးရေ ၁.၄ ဘီလီယံရှိရာမှ ၂၁၀၀ ခုနှစ်တွင် ၇၃၂ သန်းသို့ ကျဆင်းသွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အလားအလာလမ်းကြောင်းဟာ ကမ္ဘာ့လူဦးရေ ကျဆင်းမှုထဲက တစ်ခုဖြစ်နေသော်လည်း ကမ္ဘာ့နေရာအချို့တွင် လူဦးရေ တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။
၎င်းတွင် မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အထင်ရှားဆုံးဖြစ်သည့် အာဖရိကအောက်ပိုင်းတို့ ပါဝင်ပြီး ၂၀၁၇ ခုနှစ်တွင် ၁.၀၃ ဘီလီယံရှိရာမှ ၂၁၀၀ ခုနှစ်တွင် ၃.၀၇ ဘီလီယံအထိ ရောက်ရှိလာမှာဖြစ်ပြီး ရာစုနှစ်တစ်လျှောက်တွင် သုံးဆ တိုးလာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
University of Washington’s School of Medicine ရှိ IHME မှ သုတေသီများ၏ လေ့လာမှုအသစ်မှာဆိုရင်တော့ Global Burden of Disease Study 2017 မှ အချက်အလက်ကို အသုံးပြု၍ သေဆုံးမှု၊ မွေးဖွားမှုနှင့် ရွှေ့ပြောင်းနေထိုင်မှုတို့ဟာ ကမ္ဘာ့လူဦးရေအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မလဲကို လေ့လာခဲ့ပါတယ်။
၎င်းသည် စစ်ပွဲ၊ သဘာဝဘေးအန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲမှုတို့ဟာ ကမ္ဘာမြေ၏ အစိတ်အပိုင်းအသီးသီးတွင် သေဆုံးမှုအရေ အတွက်ကို မည်သို့ အကျိုး သက်ရောက်နိုင်မလဲ ဆိုတာကိုလည်း တွက်ချက်ထားပါတယ်။
အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုနှင့် သန္ဓေတားနိုင်မှုတို့ကြောင့် မွေးဖွားနှုန်း နိမ့်ကျသည့် ယေဘုယျ လမ်းကြောင်းတစ်ခုက လူဦးရေကျဆင်းမှုကို နောက်ခံပြုထားသော်လည်း ကမ္ဘာ့လူဦးရေ ကျဆင်းမှုရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေက ရှုပ်ထွေးပြီး ကိုင်တွယ်ရ ခက်ပါတယ်။

“အဓိက အကြောင်းရင်းနှစ်ချက်မှာ ခေတ်မီသန္ဓေတားနည်းနှင့် မိန်းကလေးတွေနဲ့ အမျိုးသမီးတွေရဲ့ အသိပညာ တိုးတက်လာမှုတို့ကြောင့် ဖြစ်တယ်” လို့ Vollset က ပြောထားပါတယ်။
ဒီအချက်တွေက လူဦးရေ၏ အကြီးမားဆုံး အဆုံးအဖြတ်ပေးသည့် အချက်ဖြစ်တဲ့ အမျိုးသမီးတစ်ဦးက သူမ၏ သက်တမ်းတစ်လျှောက်တွင် ပေးဆောင်သော ပျမ်းမျှ ကလေးမွေးဖွားမှုနှုန်း အပေါ် သက်ရောက်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းမွေးဖွားနှုန်းဟာ ၂၀၁၇ ခုနှစ်တွင် ၂.၃၇ မှ ၂၁၀၀ ခုနှစ်တွင် ၁.၆၆ သို့ ဆက်တိုက်ကျဆင်းလာမယ်လို့ ခန့်မှန်းထားပြီး လူဦးရေအရေအတွက်ကို ထိန်းသိမ်းရန် လိုအပ်သော အနိမ့်ဆုံးနှုန်းဖြစ်သည့် “အမျိုးသမီးတစ်ဦးလျှင် ၂.၁ မွေးဖွားမှုနှုန်း” အောက်တွင် ရှိနေပါတယ်။
ဤပြောင်းလဲနေသောရေစီးကြောင်းနှင့်အတူ ပထဝီဝင်နိုင်ငံရေးစွမ်းအင်တွင် အစွန်းရောက်ပြောင်းလဲမှုများစွာနှင့် ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော လူတွေရဲ့ ဘဝနေထိုင်ပုံတို့ကို ကျွန်တော်တို့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အဓိက အပြောင်းအလဲတွေထဲမှ တစ်ခုမှာ အလုပ်ခွင်ရောက်နေသော အရွယ်ရောက်ပြီးသူ အရေအတွက် သိသိသာသာ ကျဆင်းမှုကို ကြုံ တွေ့နေရသော နိုင်ငံအချို့မှ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဒါဟာ သူတို့ရဲ့စီးပွားရေးကို တင်းမာစေပြီး ကမ္ဘာပေါ်ရှိ ပထဝီဝင်နိုင်ငံရေးစွမ်းအင် ချိန် ခွင်လျှာကို ယိမ်းယိုင် သွားစေနိုင်ပါတယ်။
အလွန်ကောင်းမွန်တဲ့ စွမ်းအင်များစွာရှိတဲ့ ဒီကမ္ဘာကြီးမှာ ဘယ်သူက အုပ်စိုးမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်သော်လည်း အကြီးမားဆုံး စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ကို အခြေခံပြီး ၂၀၃၅ ခုနှစ်တွင် တရုတ်နိုင်ငံဟာ အမေရိကန်ကို ကျော်တက်ကာ အကြီးဆုံး စီးပွား ရေးနိုင်ငံ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။
သို့သော် သူတို့ရဲ့ ခန့်မှန်းချက်တွေ မှန်ကန်ပါက အမေရိကန်ဟာ ၂၀၉၈ ခုနှစ်တွင် ထိပ်တန်းနေရာကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

“၂၁ ရာစုဟာ ကျွန်တော်တို့ရဲ့ လူ့ယဉ်ကျေးမှု ဇာတ်လမ်းတွင် ပြောင်းလဲမှုတစ်ရပ်ကို မြင်တွေ့ရလိမ့်မယ်” လို့ Lancet ၏ အယ်ဒီတာချုပ် ဒေါက်တာ Richard Horton က ရှင်းပြခဲ့ပါတယ်။
“အာဖရိကနဲ့ အာရပ်ကမ္ဘာက ကျွန်တော်တို့ရဲ့ အနာဂတ်ကို ပုံဖော်ပေးမှာဖြစ်ပြီး ဥရောပနဲ့ အာရှက သူတို့ရဲ့ သြဇာလွှမ်းမိုးမှုမှာ ဆုတ်ယုတ်သွားပါလိမ့်မယ်။
ရာစုနှစ်အကုန်မှာ ကမ္ဘာကြီးဟာ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ တရုတ်နှင့် အမေရိကန်တို့ရဲ့ လွှမ်းမိုး ချုပ်ကိုင်ထားမှု နှင့်အတူ ဘက်စုံအသွင် ကူး ပြောင်းသွားလိမ့်မယ်။
ဒါဟာ ဒီနေ့အတွက် ကျွန်တော်တို့ ပြင်ဆင်နေသင့်တဲ့ တကယ့် ကမ္ဘာသစ်တစ်ခု ဖြစ်လာမှာပါ” လို့ သူက ထပ်ပေါင်းပြောကြားခဲ့ပါတယ်။
သုတေသနအသစ်က ကမ္ဘာကြီးဟာ ရွှေ့ပြောင်းနေထိုင်မှုပုံစံကို ပြောင်းလဲရမယ်လို့ ထောက်ပြခဲ့ပါတယ်။
လွန်ခဲ့သည့်ဆယ်စုနှစ်များက အမျိုးသားရေး ဝါဒီကြီးစိုးသူတွေ ပြန်လည်ပေါ်ပေါက်လာကာ ရွှေ့ပြောင်း အခြေချသူတွေအပေါ် ရန်လိုမှုတွေ တိုးလာနေသော်လည်း နိုင်ငံ အများအပြားဟာ သူတို့ရဲ့ လူဦးရေ အရွယ်အစားကို ထိန်းသိမ်းရန်နှင့် စီးပွားရေးတိုးတက်မှုကို ပံ့ပိုးရန်အတွက် လစ်ဘရယ် လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို ပိုမို ရွေးချယ် ရမယ်လို့ အစီရင်ခံစာက အကြံပြုထားပါတယ်။
“နောက်ဆုံးမှာ ခန့်မှန်းချက်အသစ်တွေက တစ်ဝက်လောက်ပင် တိကျနေတယ်ဆိုရင်တောင် ရွှေ့ပြောင်းနေထိုင်မှုက လူမျိုးတိုင်းအတွက် လိုအပ်ချက် တစ်ခု ဖြစ်လာမှာဖြစ်ပြီး ရွေးချယ်စရာရှိမှာ မဟုတ်ပါဘူး” လို့
လေ့လာမှုတွင် ပါဝင်ခြင်းမရှိသော University College London (UCL) မှ ပါမောက္ခ Ibrahim Abubakar က ပူးတွဲဆောင်းပါးမှတ်ချက်တွင် ရေးသားခဲ့ပါတယ်။

“ကျန်းမာရေးနဲ့ စီးပွားရေးအပေါ် ရွှေ့ပြောင်းနေထိုင်မှုရဲ့ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေကို တစ်ကမ္ဘာလုံးက သိကြပါတယ်။
ကျွန်တော်တို့ရင်ဆိုင်ရမယ့် ရွေးချယ်မှုဟာ ချမှတ်ထားတဲ့ လူဦးရေ ပြောင်းရွှေ့မှုကို ခွင့်ပြုခြင်းအားဖြင့် ကျန်းမာရေးနဲ့ ကြွယ်ဝချမ်းသာမှုကို မြှင့်တင်မလား ဒါမှမဟုတ် ပြည်ပမှ အလုပ်သမား လူတန်းစား နည်းပါးပြီး မတည်ငြိမ်သော လူ့အဖွဲ့အစည်းတွေနဲ့ပဲ အဆုံးသတ်သွားမလားတို့ပဲ ဖြစ်တယ်” လို့ သူတို့က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။