အသံထက်မြန် ခရီးသည်တင်လေယာဉ်သစ်တွင် လေခွင်းသံ လျှော့ချထားမည်

News Tech

အမေရိကန် အာကာသ အေဂျင်စီမှ အသစ်ပြသလိုက်တဲ့ ဗီဒီယိုတခုမှာ NASA ၏ X-59 Quiet Supersonic Technology (QueSST) လေယာဉ်သစ်ကို ပြသခဲ့ပါတယ်။

X-59 ၏ ဒီဇိုင်းကို လူအများအား ၂၀၁၉ ခုနှစ်က ပထမဆုံး ပြသခဲ့တာဖြစ်ပြီး Lockheed Martin အတူ NASA မှ ပူးပေါင်း ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလေယာဉ်ကို ကွန်းကော့ Concorde အရပ်ဖက်သုံး အသံထက်မြန် ခရီးသည်တင်တွေ နောက်ဆုံး ပျံသန်းပြီး ဆယ်စုနှစ် ၂ ခုအကြာမှာ ၎င်းကဲ့သို့ လေယာဉ်မျိုး ထုတ်လုပ်ဖို့ ရည်ရွယ်ပြီး X-59 ကို တဖြည်းဖြည်း ပုံဖော်နေတာ ဖြစ်ပါတယ်။

X-59 တည်ဆောက်မှုကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Lockheed Martin ၏ Stunk Works ဌာနမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးစီးသွားပါက ဒီ အသံထက်မြန် ဂျက်လေယာဉ်ဟာ ပုံမှန် အမြန်နှုန်း အသံထက် ၁.၄ ဆ (တနာရီ လျှင် ၉၂၅ မိုင် နှုန်း) ဖြင့် ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

X-59 ကို ပေ ၃၀ လောက်ရှည်တဲ့ လေယာဉ်နှာခေါင်း အရှည်ကြီးဖြင့် တည်ဆောက်ထားတဲ့အတွက် အသံအလျှင် တနာရီလျှင် ၇၆၇ မိုင်နှုန်း အထက် ကျော်လာသည့်အခါ ထွက်ပေါ်လာတတ်သည့် Sonic boom ဟုခေါ်သည့် လေခွင်းသံကြီးကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

၎င်း၏ sonic boom ဟာ မြေပြင်မှာ ဆိုရင် ကားတံခါး ပိတ်သံ‌လောက်ပင် မကျယ်တဲ့အသံဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ ဆိုလိုတာက‌ တော့ လေယာဉ်ဟာ အောက်မှာရှိတဲ့လူများအတွက် ဆူညံအံ့အားသင့်စေသောအသံများ မဖြစ်ပေါ်ဘဲပျံသန်းနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ ဒီဇိုင်းဟာ လေယာဉ်ကို ပျံတက်ပြီး မကြာခင် အသံထက် မြန်တဲ့ အရှိန်ကို ရရှိစေမှာ ဖြစ်ပါတယ်။ ယခင် ကွန်းကော့ Concorde လေယာဉ် များနှင့် နှိုင်းယှဉ်ပါက ကွန်းကော့ဟာ လေခွင်းသံ ထွက်ပေါ်တတ်သောကြောင့် လူနေထူထပ်သည့် နေရာများတွင် အရှိန်အနည်းငယ်ဖြင့်သာ ပျံသန်းခဲ့ရပါတယ်။

NASA ဟာ Lockheed Martin ကုမ္ပဏီကို X-59 တည်ဆောက်ဖို့ရာအတွက် ၂၄၇.၅ သန်းရှိတဲ့ စာချုပ်တခု ချုပ်ဆိုခဲ့ပြီး ကုမ္ပဏီအနေဖြင့် အဆိုပါ လေယာဉ်ကို ယခုနှစ်အတွင်း တည်ဆောက်ပြီးစီးကာ ၂၀၂၂ ခုနှစ်တွင် စမ်းသပ် ပျံသန်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Inceptive Mind ဝက်ဘ်ဆိုက်၏ အဆိုအရ လေယာဉ်ဟာ အရှည် ၉၄ ပေ၊ တောင်ပံအကျယ် ၂၉.၅ ပေခန့်ရှိမယ်လို့ ဆိုပြီး အမြင့်ဆုံး အမြန်နှုန်း အသံထက် ၁.၅ ဆ (တနာရီ မိုင် ၉၉၀ နှုန်း) နှင့် အလေးချိန် ၃၂,၃၀၀ ပေါင် လောက် ရှိမယ်လို့ ပြောပါတယ်။

လေယာဉ်ထုတ်လုပ်ရေး ပရောဂျက်တွင် အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာများဟာ လုပ်ငန်းစဉ်အတွင်း ကြိုတင်ပြုလုပ်ထားတဲ့ အစိတ်အပိုင်းများ မှန်မှန် ကန်ကန် တပ်ဆင်မှု ရှိမရှိ စစ်ဆေးဖို့ရာ လေဆာရောင်ခြည်သုံး projections များကို အသုံးပြုခဲ့ပါတယ်။

Lockheed Martin ၏ စီမံကိန်း ဒါရိုက်တာဖြစ်တဲ့ ဒေးဗစ် ရစ်ချက်ဆင်က အဆိုပါ လေဆာ စနစ်အသုံးပြုရတဲ့ အကြောင်းအရင်းကို အတည်ပြု ပြောပြခဲ့ပါတယ်။

အသံထက်မြန် အရပ်ဖက်သုံး ခရီးသည်တင်လေယာဉ်များကို ထုတ်လုပ်ဖို့ ကြိုးစားနေတာကတော့ NASA နှင့် Lockheed Martin တခုထဲ မဟုတ်ပါဘူး။

Boom Supersonic မှလည်း United Airlines အတွက် ဒီလိုလေယာဉ်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေပြီး ၂၀၂၆ ခုနှစ်လောက်မှာ အသံထက် ၁.၇ ဆ ဖြင့် ပျံသန်းစမ်းသပ်နိုင်မယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် ဂျပန် အာကာသ အေဂျင်စီ JAXA မှလည်း မကြာသေးမီက အသံထက် ၁.၆ ဆခန့် မြန်သည့် ခရီးသည်တင် လေယာဉ်များ တည် ဆောက်ဖို့ရာအတွက် စက်မှုလုပ်ငန်း အဖွဲ့များနှင့် သဘောတူကို ကြေငြာခဲ့ပါသေးတယ်။

လက်ရှိတွင် X-59 ၏ ဒီဇိုင်းဟာ ပိုင်းလော့အတွက် နေရာသာ ပါရှိပြီး ခရီးသည်များအတွက် နေရာမပါရှိသေးပါဘူး။ NASA ကတော့ ဒီ လုံးဝ တိတ်ဆိတ်တဲ့ အသံထက်မြန် အရပ်ဖက်သုံး ခရီးသယ်တင်လေယာဉ်ကို အမေရိကန် စစ်တပ် အတွက်ပါ ထုတ်လုပ်ပေးဖွယ် ရှိနေပါတယ်။

အချို့က “Concorde လေယာဉ်၏ သား” လို့ ချစ်စနိုးခေါ်ကြတဲ့ ဒီ အသံထက်မြန် အရပ်ဖက်သုံး ခရီးသယ်တင်လေယာဉ်ဟာ လေကြောင်း လောကကို တခေတ်ဆန်းစေဦးမှာလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.