X-59 လေယာဉ်တွင် တပ်ဆင်မည့် ပြင်ပမြင်ကွင်းကြည့် စနစ် NASA မှ စမ်းသပ်အောင်မြင်

News Tech

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Hamley ရှိ Langley သုတေသန စင်တာတွင် ပြုလုပ်ခဲ့သည့် NASA ၏ X-59 အတွက် စမ်းသပ်မှု တခု အောင်မြင်ခဲ့ကြောင်း သိရပါတယ်။

X-59 ဟာ အသံထက်မြန်ပြီး အသံငြိမ်စေတဲ့ နည်းပညာ (QueSST) ကို အသုံးပြုထားတဲ့ လေယာဉ်တစင်း ဖြစ်ပြီး စမ်းသပ်မှုတွင် လေ ယာဉ်၏ ပြင်ပ မြင်ကွင်းကြည့် စနစ် eXternal Vision System (XVS) စမ်းသပ်မှုများ ပါဝင်ပါတယ်။

အဆိုပါ X-59 လေယာဉ်၏ အသေးစိတ်ကို “အသံထက်မြန် ခရီးသည်တင်လေယာဉ်သစ်တွင် လေခွင်းသံ လျှော့ချထားမည်” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

ဒီလေယာဉ်ဟာ အသံထက် မြန်သည့် အမြန်နှုန်းဖြင့် ပျံသန်းသည့်အခါတွင် ထွက်ပေါ်လာမည့် လေခွင်းသံကို များစွာ လျှော့ချပေးထားနိုင်သည့် အတွက် ကွန်းတော့ လေယာဉ်များအလွန် အသံထက် မြန်သည့် ခရီးသည်တင် လေယာဉ်များ၏ အနာဂါတ်လဲ ဖြစ်ပါတယ်။

ဤသို့ ဖြစ်လာစေရန်အတွက် NASA မှ အင်ဂျင်နီယာများဟာ လေယာဉ်ကို အထူးဒီဇိုင်းဆွဲထားပြီး လေယာဉ်မှူးခန်းကို လေယာဉ် အဓိက ကိုယ်ထည်အောက်ကို နှိမ့်ထားကာ နှာခေါင်းကို ရှည်မျောမျာ ပုံစံဖြင့် ပုံဖော်ထားပါတယ်။

ဒါ့ကြောင့် လေယာဉ်တွင် သမားရိုးကျ လေယာဉ် ဒီဇိုင်းများကဲ့သို့ လေယာဉ်မှူးများအတွက် ရှေ့ကြည့် ပြူတင်းမှန်များ ပါဝင်လာမှာ မဟုတ်ပါဘူး။

Son of Concorde ခေါ် X-59

ဒီလို ဒီဇိုင်းကြောင့် လေယာဉ်မှူးများအတွက် မြင်ကွင်းကို ပိတ်ဆို့စေတဲ့အတွက် အဆိုပါ ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းတမျိုး တပ်ဆင်ပေးခဲ့ပါတယ်။

အဲဒါကတော့ XVS စနစ်ပဲ ဖြစ်ပါတယ်။ xvs စနစ်တွင် ရှေ့သို့ မျက်နှာမူထားသည့် ကင်မရာများ ပါဝင်ပြီး လေယာဉ်၏ အရှေ့မြင်ကွင်းကို လေယာဉ်မှူးများအား ပြသပေးနိုင်မှာ ဖြစ်ပါတယ်။

အဓိကအားဖြင့် ရှေ့မြင်ကွင်းများကို မြင်တွေ့နိုင်ရန် 4K monitor တခုကို ပင်မ ပြူတင်းပေါက်အစား တပ်ဆင်ထားပြီး လေယာဉ် ချဉ်းကပ်မှု၊ ဆင်းသက်မှုနှင့် ပျံတက်မှုများ အပါအဝင် အခြား ပျံသန်းမှု အချက်အလက်များကို ဖန်သားပြင်မှ တဆင့် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

NASA ဟာ XVS နည်းပညာကို အင်ဂျင် နှစ်လုံးတပ် Beechcraft King Air UC-12B turboprop လေယာဉ် အတွင်းခန်းတွင် တပ်ဆင်ပြီး လေယာဉ် နှာခေါင်းတွင် ကင်မရာတပ်ဆင်ကာ ချိတ်ဆက်ပြီး စမ်းသပ်ခဲ့ပါတယ်။

King Air လေယာဉ်ဟာ ပျံသန်းမှုပေါင်း များစွာကို ပြုလုပ်ခဲ့ပြီး လေယာဉ်မှူး၏ မြင်ကွင်း မြင်နိုင်စွမ်း နှင့် ဝေဟင်တွင် တခြား လေယာဉ်အနီး ပျံသန်းခြင်းများကို အကဲဖြတ်ဖို့ အချက်အလက်များ စုဆောင်းနိုင်ခဲ့ပါတယ်။

စမ်းသပ်စဉ်မှာ လေယာဉ်မှူးတဦးကို King Air လေယာဉ်၏ လေယာဉ်မှူးခန်းတွင် ပုံမှန်အတိုင်း ထိုင်စေပြီး အခြားတဦးကိုတော့ လေယာဉ်အတွင်းခန်းရှိ XVS စနစ်ရှေ့တွေသာ ထိုင်စေခဲ့ပါတယ်။

ထို့နောက် လေယာဉ်မောင်းစဉ် blind spot ဖြစ်စဉ်များကို စမ်းသပ်ခြင်းများကဲ့သို့ စမ်းသပ်မှုများစွာအပြင် အမြင့်တူ ပျံသန်းလာသော လေ ယာဉ်များကို ဖြတ်ပျံခြင်း ကဲ့သို့ စမ်းသပ်မှုများကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ထိုကဲ့သို့ စမ်းသပ်မှုများ ပြီးဆုံးပြီးနောက် သုတေသီများဟာ တုန်ခါမှု စမ်းသပ်မှုများမှ တဆင့် တည်ဆောက်ပုံ ခိုင်မာမှု ရှိမရှိ စမ်းသပ်ခဲ့ပါတယ်။

သုတေသီများဟာ X-59 လေယာဉ်တွင် တပ်ဆင်မည့် စက်ပစ္စည်းများ ခံနိုင်မှု ရှိစေရန် လေယာဉ် ပတ်ဝန်းကျင်တွင် ဖြစ်လာနိုင်သည်ဟု မျှော်မှန်းထားသည့် တုန်ခါမှု အဆင့်များဖြင့် ဂရုတစိုက် စမ်းသပ်ခဲ့ပါတယ်။

ဒီစမ်းသပ်မှုကြောင့် လေယာဉ်ပေါ်တွင် စက်ပစ္စည်းများ မတပ်ဆင်မီ ဒီဇိုင်းသို့မဟုတ် လက်ရာ ပြသနာများကို ဖော်ထုတ်ရန်၊ ပြုပြင်ရန် ကူညီပေးပြီး လေယာဉ် ကို ပျက်စီးစေနိုင်သည့် သို့မဟုတ် လေယာဉ်အမှုထမ်းကို ထိခိုက်စေနိုင်သည့် အခြေအနေတခုကို ကာကွယ်ပေးနိုင်မှာပါ။

စမ်းသပ်မှုအားလုံး အောင်မြင်ခဲ့ပြီးနောက် XVS စနစ်ကို Palmdale တွင် တည်ရှိသည့် Lockheed Martin ၏ Skunk Works ထုတ်လုပ်ရေး ဌာနသို့ X-59 တွင် တပ်ဆင်ရန် ပေးပို့လိုက်ပြီ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။ 

Content Protection by DMCA.com

Leave a Reply

Your email address will not be published.