ထူးခြားသည့် ဒီဇိုင်းများနှင့် သုတေသန လေယာဉ်များ

Knowledge Tech

NASA ၏ X နှင့်စသည့် လေယာဉ်များဟာ experimental သုတေသန လေယာဉ်များဖြစ်ပြီး ၎င်းတို့ဟာ ခေတ်သစ် လေယာဉ်များ ထုတ်လုပ်နိုင်ဖို့ အရေးပါတဲ့ အခန်း ကဏ္ဍမှ ပါဝင်ပါတယ်။

X-1 ဟာ X series များ၏ ပထမဆုံး လေယာဉ်ဖြစ်ပြီး ၁၉၄၀ ခုနှစ်များတွင် စတင် ပျံသန်းခဲ့သည့် ကမ္ဘာ့ပထမဆုံး အသံ ထက်မြန် ဂျက်လေယာဉ် တစင်းလည်း ဖြစ်ပါတယ်။

အဆိုပါ လေယာဉ်များထဲမှ ထူးထူးဆန်းဆန်း ပုံစံများရှိတဲ့ သုတေသန လေယာဉ်များ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

X-3

ဒီလေယာဉ်ဟာ ကျဉ်းမြောင်းတဲ့ ကိုယ်ထည်ရှိပြီး ရှည်လျှားတဲ့ နှုတ်သီးကြောင့် အခြားလေယာဉ်များနှင့် နှိုင်းယှဉ်ပါက ထူး ခြားပါတယ်။

Image: Courtesy of NACA/NASA

Stiletto လို့ ခေါ်တဲ့ အဆိုပါ လေယာဉ်ကို ၁၉၅၀ ခုနှစ်များက Douglas ကုမ္ပဏီမှ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး အသံထက် ၂ ဆ ကျော်အထိ ပျံသန်းနိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။

ဒါပေမယ့် အသံထက် ၁ ဆကျော်တောင် ရောက်အောင် မပျံသန်းနိုင်ခဲ့တဲ့ စိတ်ပျက်စရာ ရလဒ်ကို ရရှိခဲ့ပေမယ့် Lockheed ကုမ္ပဏီက ဒီစမ်းသပ်မှုမှ တောင်ပံ ဒီဇိုင်းဖြင့် အသံထက် ၂ ဆ မြန်သည့် F-104 Starfighter တိုက်လေယာဉ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။

X-36

ယခုလေယာဉ်ကတော့ ဝပ်နေတဲ့ ဖားတကောင်ကို ပုံဖော်ထားတာနဲ့ တူနေပါတယ်။

Image: Courtesy of NASA Photo / Carla Thomas

X-36 ဟာ မောင်းသူမဲ့လေယာဉ် အမျိုးအစားဖြစ်ပြီး အဓိကအားဖြင့် အမြှီးမပါဘဲ လှုပ်ရှားပျံသန်းနိုင်သည့် တိုက်လေယာဉ် အမျိုးအစားများကို ထုတ်လုပ်နိုင်ရန် စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလေယာဉ်ကို ၁,၂၄၅ ပေါင် အလေးချိန်ရှိသည့် မူလ ဒီဇိုင်း၏ ၄ ပုံ ၁ ပုံ အရွယ်အစား ဖြင့်သာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် လေတပ်၏ အမျိုးသား ပြတိုက် အဆိုအရ X-36 နှစ်စင်းကို တည်ဆောက်ခဲ့ပြီး တစ်စင်းသာ ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

X-57 Maxwell

လေယာဉ်ရဲ့ ဒီဇိုင်းဟာ တောင်ပံ နှစ်ခုနှင့် သာမန်အနေအထား ဖြစ်ပေမယ့် ထူးခြားနေတာက ၎င်းနှင့်အတူ တပ်ဆင်ထားတဲ့ ပန်ကာ ၁၄ လုံးပါ။

Image: Courtesy of NASA Langley/Advanced Concepts Lab, AMA, Inc

၂၀၂၂ ခုနှစ်အတွင်းမှာ ပထမဆုံး ပျံသန်းခဲ့တဲ့ ဒီလေယာဉ်ဟာ အပြည့်အဝ လျှပ်စစ်စွမ်းအင်သုံး လေယာဉ် တစင်း ဖြစ်ပါတယ်။

လေယာဉ်ကို စွမ်းအင်ပေးနိုင်ဖို့အတွက် lithium ဘတ္တရီ နှစ်လုံးကို အသုံးပြုထားပြီး NASA ၏ အနာဂါတ် လေယာဉ် စီမံကိန်းမှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Bell X-5

X-5 သုတေသန လေယာဉ်ဟာ ပုံစံအားဖြင့် သာမန်သာဖြစ်ပေမယ့် ၎င်း၏ တောင်ပံများကို စုနိုင် ဖြန့်နိုင်တဲ့ လေယာဉ်တစင်း ဖြစ်တဲ့အတွက် ထူးခြားစေတာပါ။

Image: Courtesy of Wikimedia Commons

ပျံသန်းနေချိန်တွင် တောင်ပံကို လိုသလို ပြောင်းလဲနိုင်သည့်အတွက် လျှင်မြန်စွာ ပျံသန်းနိုင်စေပါတယ်။

၁၉၅၀ ခုနှစ်များ အလယ်လောက်မှာ ဖန်တီးခဲ့တဲ့ X-5 ဟာ နာမည်ကျော် F-111 နှင့် Grumman F-14 Tomcat တိုက်လေ ယာဉ် များအတွက် နည်းပညာလမ်း ခင်းပေးနိုင်ခဲ့ပါတယ်။

Grumman X-29

X series လေယာဉ်များတွင် ၂၉ စင်းမြောက်ဖြစ်သည့် X-29 ကိုတော့ ထူးထူးခြားခြား swept-wing လို့ခေါ်သည့် ပြောင်းပြန်ပုံစံ တောင်ပံနှင့် ဖန်တီးထားတာပါ။

၁၉၈၄ ခုနှစ်လောက်က ပျံသန်းနိုင်ခဲ့ပြီး အဆိုပါ တောင်ပံ၏ အားသာချက် အားနည်းချက်များကို လေ့လာနိုင်ခဲ့ပါတယ်။

Image: Courtesy of NASA Photo / Larry Sammons

လေယာဉ်တောင်ပံကို ကာဗွန်ဖိုက်ဘာများနှင့် တည်ဆောက်ထားပြီး ပေါ့ပါးစွာ တည်ဆောက်ထားတဲ့အတွက် လေယာဉ်ဟာ ပိုမို လှုပ်ရှားစေနိုင်ပါတယ်။

ဒါပေမယ့် ဒီဇိုင်းအရ တည်ငြိမ်တဲ့ ဒီဇိုင်း မဟုတ်တဲ့အတွက် ဒစ်ဂျစ်တယ် လေယာဉ် ထိန်းချုပ်မှု စနစ် မပါဝင်ပါက ပျံသန်းဖို့ မဖြစ်နိုင်ပါဘူး။

ဒါ့အပြင် တောင်ပံများအပေါ် ကျရောက်လာသည့် နောက်ဆွဲအားဟာ လေယာဉ်၏ သက်တမ်းကို ထိခိုက်နိုင်သည့်အတွက် အဆိုပါ ဒီဇိုင်းဟာ သုတေသန အဆင့်ထက် ပိုမလာခဲ့ပါဘူး။

X-15

X-15 ကတော့ ကမ္ဘာပေါ်တွင် ပထမဆုံး လူလိုက်ပါနိုင်သည့် ဟိုက်ပါဆိုးနစ် သုတေသန လေယာဉ်တစင်း ဖြစ်ပါတယ်။

အမြင့်ပေ ၃ သိန်းခွဲကျော် (အမြင့် ၆၇ မိုင်ခန့်) တွင် အသံထက် ၅ ဆလောက် အမြန်နှုန်းဖြင့် စံချိန်တင် ပျံသန်းနိုင်ခဲ့တဲ့ လေ ယာဉ် တစင်းပါ။

Image: Courtesy of NASA

အဆိုပါ လေယာဉ်ဟာ ယနေ့ခေတ် အာကာသ မစ်ရှင်များအတွက် လိုအပ်သည့် အရာများကို ဖန်တီးနိုင်စေဖို့အတွက် လမ်း စရှာပေးခဲ့ပါတယ်။

X-15 အကြောင်း အသေးစိတ်ကို “ပထမဆုံး လူမောင်းနှင်ခဲ့တဲ့ ဟိုက်ပါဆိုးနစ် လေယာဉ် စမ်းသပ်မှုနှင့် သမိုင်းဝင် ဓာတ်ပုံများ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.