NASA ၏ X နှင့်စသည့် လေယာဉ်များဟာ experimental သုတေသန လေယာဉ်များ ဖြစ်ပြီး ၎င်းတို့ဟာ ခေတ်သစ် လေ ယာဉ်များ ထုတ်လုပ်နိုင်ဖို့ အရေးပါတဲ့ အခန်း ကဏ္ဍမှ ပါဝင်ပါတယ်။
အဆိုပါ လေယာဉ်များထဲမှ ထူးထူးဆန်းဆန်း ပုံစံများရှိတဲ့ သုတေသန လေယာဉ်များ အကြောင်းကို ထပ်မံ ဖော်ပြပေးလိုက်ပါတယ်။
X-24
UFO တွေ ခဏခဏ တွေ့တယ်လို့ ပြောရလောက်အောင် NASA ဟာလည်း စမ်းသပ်မှုတွေ မနည်းမနော လုပ်ခဲ့တာပါ။
X-24 လေယာဉ်ဟာ တောင်ပံများ မပါရှိတဲ့အတွက် ထူးခြားတဲ့ ဒီဇိုင်း ရှိပြီး အဓိကအားဖြင့် လေယာဉ်မှူးများ တောင်ပံမပါဘဲ အာကာသမှ မြေပြင်သို့ ပြန်ဆင်းလာနိုင်ဖို့အတွက် စမ်းသပ်ခဲ့တာပါ။

မူလ ဒီဇိုင်းကို မျက်ရည်စက်ပုံစံ ဒီဇိုင်းဆွဲခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပုံထဲတွင် ပြထားသည့် ပုံစံအတိုင်း X-24B ကို ဖန်တီးခဲ့ပါတယ်။
ဒီလေယာဉ်ဟာ တနာရီလျှင် မိုင် ၁ ထောင်နှုန်းလောက်ဖြင့် တွန်းကန်အားမပါဘဲ လေဟုန်စီးနိုင်ပါတယ်။
X-43
၄၃ စင်းမြောက် လေယာဉ်ဟာ ပထမဆုံး scramjet အင်ဂျင်ကို သရုပ်ပြခဲ့တာပါ။
၎င်းကို Hyper-X လို့လည်းခေါ်ပြီး အသံထက် ၅ ဆကျော်မြန်အောင် ပျံသန်းနိုင်ခဲ့တဲ့ ဟိုက်ပါဆိုးနစ် လေယာဉ်တစင်းဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် မတ်လ မှာ အသံထက် ၆.၈၃ ဆ အထိ ပျံသန်းနိုင်ခဲ့ကာ ၂၀၀၄ ခုနှစ် နိုဝင်ဘာလတွင် အသံထက် ၉.၆ ဆ အထိ ရောက်ရှိခဲ့ပြီး မိုင်အားဖြင့် တနာရီလျှင် မိုင် ၇ ထောင်နှုန်းလောက်အထိ မြန်ဆန်ပါတယ်။
၎င်း၏ အင်ဂျင်ဟာ ၁၀ စက္ကန့်လောက်သာ အလုပ်လုပ်သာဖြစ်ပြီး အမြန်နှုန်းကို အခြားနည်းလမ်းဖြင့် ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
X-43 ဟာ ကမ္ဘာပေါ်တွင် အမြန်ဆုံး မောင်းသူမဲ့လေယာဉ်ဖြစ်ပြီး ဒီလေယာဉ် အကြောင်းကို “လက်ရှိ အချိန်အထိ ဗိုလ်စွဲထားတဲ့ ကမ္ဘာ့အမြန်ဆုံး မောင်းသူမဲ့လေယာဉ် အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြထားပြီး ဖြစ်ပါတယ်။
X-33
ဒီလေယာဉ်ကတော့ ၂၀၀၀ ခုနှစ်များ နောက်ပိုင်းတွင် ဒီဇိုင်းဆွဲခဲ့တဲ့ လေယာဉ် ဖြစ်ပါတယ်။
Lockheed Martin မှ ဒီဇိုင်းဆွဲထားတဲ့ ဒီလေယာဉ်ဟာ ပြန်လည် အသုံးပြုနိုင်တဲ့ လွှတ်တင်ယာဉ်တမျိုး ဖြစ်ပြီး အာကာသထဲသို့ သွားရောက်နိုင်ပါတယ်။

၎င်းဟာ အယူအဆ ဒီဇိုင်းအဆင့်ကနေ တိုးတက်မလာခဲ့ပေမယ့် စီမံကိန်း၏ ရည်ရွယ်ချက်ကတော့ လူမဲ့ အာကာသသွား လေယာဉ် ဖန်တီးဖို့ဖြစ်ပါတယ်။
လေယာဉ်ဟာ ဒေါင်လိုက်ပစ်လွှတ်နိုင်ပြီး ကမ္ဘာပေါ်သို့ လေယာဉ်ပြေးလမ်းမှ တဆင့် ပြန်လည် ဆင်းသက်နိုင်ပါတယ်။
ဟိုက်ဒရိုဂျင် လောင်စာရည် သိုလှောင်ကန် နည်းပညာ ပြဿနာများကို မဖြေရှင်းနိုင်တဲ့အတွက် ၂၀၀၀ ခုနှစ်များ အစောပိုင်းမှာ ဒီစီမံကိန်းကို ရပ်ဆိုင်းခဲ့ပါတယ်။
X-48
ဒီလေယာဉ်ကိုလည်း ၂၀၀၀ ခုနှစ်များက စတင် စမ်းသပ်နေတာ ဖြစ်ပြီး လက်ရှိ လေယာဉ်များ၏ ဒီဇိုင်းနှင့် အတော်လေး ကွဲပြားအောင် တည်ဆောက်ထားတာပါ။

ငါးလိပ်ကျောက်ကဲ့သို့ တောင်ပံ ပုံစံနှင့် ဒီလေယာဉ်ကို အဓိကအားဖြင့် လောင်စာဆီ သုံးစွဲမှု သက်သာစေရန်၊ ဆူညံသံ နည်းပါးစေရန် ရည်ရွယ်ပြီး စမ်းသပ်နေတာ ဖြစ်ပါတယ်။
ဒီအကြောင်းကို “ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်တဲ့ NASA ၏ X-48 သရုပ်ပြ လေယာဉ် အကြောင်း” ဆောင်းပါးတွင် အပြည့်အစုံ ဖော်ပြပြီး ဖြစ်ပါတယ်။
Lockheed Martin X-59 QueSST
ဒီလေယာဉ်ကတော့ အသံထက်မြန် လေယာဉ်တစင်းဖြစ်ပြီး စိတ်ဝင်စားစရာ အကောင်းဆုံး သုတေသန လေယာဉ်ဖြစ်ပါတယ်။
၎င်းကို လေခွင်းသံ လျှော့ချထားအောင် တည်ဆောက်ထားတဲ့အတွက် Concorde လေယာဉ်များနေရာမှာ ရောက်ရှိလာနိုင်မယ့် လေယာဉ်များလို့ သတ်မှတ်နိုင်ပါတယ်။

အရှည် ပေ ၃၀ လောက်ရှိသည့် နှုတ်သီးရှိပြီး ရှေ့တွင် လေကာမှန်များ မပါဝင်ဘဲ 4K ကွန်ပျူတာ မျက်နှာပြင်တွင် မြင်ကွင်းကို မြင်ရစေမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို “အသံထက်မြန် ခရီးသည်တင်လေယာဉ်သစ်တွင် လေခွင်းသံ လျှော့ချထားမည်” ခေါင်းစဉ်ဖြင့် ဖော်ပြထားပြီး ဖြစ်သည့်အပြင် အခြား တိုးတက်မှုဆိုင်ရာ သတင်းများကိုလည်း ဆက်တိုက် ဖော်ပြပေးနေပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။