SpaceX ၏ Starlink ဂြိုဟ်တုများကို တိုက်ခိုက်နိုင်ဖို့ လုပ် ဆောင်ရန် တရုတ်သုတေသီများ တောင်းဆိုနေတဲ့ အကြောင်း

Article Military

တရုတ်နိုင်ငံ၏ သုတေသီများဟာ Elon Musk ၏ အင်တာနက် ဝန်ဆောင်မှုပေးနေသည့် SpaceX ကုမ္ပဏီမှ Starlink ဂြိုဟ် တု များကို တရုတ်နိုင်ငံ နိုင်ငံ့ လုံခြုံရေး ခြိမ်းခြောက်မှုအဖြစ်ယူဆပြီး ဒီစနစ်ကို ဖျက်ဆီးနိုင်တဲ့ ဂြိုဟ်တုဖျက်စနစ် ဖြစ်ပေါ် လာဖို့ တောင်းဆိုနေကြပါတယ်။

Starlink ဂြိုဟ်တု ကွန်ယက်တွင် ဂြိုဟ်တုပေါင်း ၂,၃၀၀ လောက် လက်ရှိမှာ လည်ပတ်နေပြီး လုံခြုံမှု အပြည့်အဝရှိကာ၊ စစ်ဘက်ဆိုင်ရာ ဆိုက်ဘာ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိတယ်လို့ နာမည်ကြီးပါတယ်။

တရုတ်၏ ခေတ်သစ် ကာကွယ်ရေး ဆိုင်ရာ ဂျာနယ်တွင် ၂၀၂၂ ခုနှစ် ဧပြီလထဲက ဖော်ပြခဲ့သည့် စာတမ်းတခုမှာ Ren Yunzhen ဦးဆောင်သည့် တရုတ် ကာကွယ်ရေးနယ်ပယ်မှ အကြီးတန်း သိပ္ပံပညာရှင် ၅ ဦးအဖွဲ့က

အပျော့အမာ စနစ် ၂ ခုကို ပေါင်းစပ် အသုံးပြုပြီး Starlink ဂြိုဟ်တုအချို့၏ အလုပ်လုပ်နိုင်စွမ်းကို ဆုံးရှုံးစေကာ ဖျက်ဆီးပစ်နိုင်တယ်လို့ ရေးသားခဲ့ပါတယ်။

Ren Yunzhen ဟာ ဘေဂျင်း ခြေရာခံခြင်း နှင့် ဆက်သွယ်ရေးဆိုင်ရာ တက္ကသိုလ်၏ သုတေသီ တဦးလည်း ဖြစ်ပါတယ်။

စာတမ်း၏ နိဂုံးမှာတော့ တရုတ်နိုင်ငံအနေဖြင့် ပြင်းထန်လာမယ့် အာကာသဆိုင်ရာ ကစားပွဲမှာ Starlink နှင့် ပတ်သက်ပြီး တန်ပြန် အစီအမံများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သင့်တယ်ဟု အကြံပြုထားပါတယ်။

Ren အနေဖြင့် အမေရိကန် မောင်းသူမဲ့လေယာဉ်များနှင့် ရေဒါပျောက် လေယာဉ်များဟာ Starlink ဂြိုဟ်တု ကွန်ယက်များနှင့် ချိတ်ဆက်ပါက အချက်အလက် စီးဆင်းမှု အမြန်နှုန်း အဆ ၁၀၀ လောက်အထိ မြင့်တက်လာတယ်လို့ ယူဆထားပါတယ်။

၎င်းနှင့်အဖွဲ့ဟာ ဒီလို အားသာချက်တွေရှိတဲ့ Starlink ဂြိုဟ်တု ကွန်ယက် စနစ်ကြီးကို ခြိမ်းခြောက်မှုမှ ကာကွယ် နိုင်ရန် ဂြိုဟ်တုဖျက် လက်နက်များ တီထွင်ရန် လိုအပ်ကြောင်း ပြောခဲ့တာပါ။

ဒါ့အပြင် Starlink ဂြိုဟ်တုများ လွှတ်တင်ရင်းနှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများလည်း သယ်ဆောင်နိုင်တာကြောင့် ပုံမှန် မ ဟုတ်သည့် ကိစ္စများကို စောင့်ကြည့်နိုင်ဖို့ ရှိရင်းစွဲ အာကာသ စောင့်ကြည့်ရေး စနစ်များကိုလည်း အဆင့်မြှင့်တင်ဖို့ အကြံပြုထားပါတယ်။

တရုတ်နိုင်ငံအနေဖြင့် Starlink ဂြိုဟ်တု တခုချင်းစီမှ ကမ္ဘာနှင့် ချိတ်ဆက်ထားသည့် ဆက်သွယ်ရေး အချက်ပြလှိုင်းများသာမက မြေပြင်အခြေစိုက် လေဆာ နှင့် ရေဒါ ပုံရိပ်ဖော်စနစ်များကို ကြားဖြတ်နိုင်သည့် စနစ်များ တီထွင်ဖန်တီးသင့်တယ်လို့လည်း ဆိုပါတယ်။

Starlink ဂြိုဟ်တု ကွန်ယက်မှ ဂြိုဟ်တုများဟာ ဗဟို ထိန်းချုပ်မှုမှ ချုပ်ကိုင်ထားတာ မဟုတ်တဲ့အတွက် ဂြိုဟ်တုဖျက် ဒုံး ကျည်ကဲ့သို့ လက်နက်များနှင့် ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

အလားတူ မြေပြင် အခြေစိုက် လေဆာစနစ်များဟာလည်း လေထုကို ကျော်လွှားပြီး ကမ္ဘာ့ ပတ်လမ်းနိမ့်အတွင်းမှ ဂြိုဟ်တုကို တိုက်ခိုက်နိုင်ဖို့ဆိုတာ လက်ရှိ နည်းပညာနှင့် မဖြစ်နိုင်သေးပါဘူး။

တရုတ်အနေဖြင့် Starlink ဂြိုဟ်တုများကို တိုက်ခိုက်နိုင်ဖို့ နည်းလမ်းကတော့ Relativistic Klystron Amplifier (RKA) လို့ခေါ်တဲ့ ဂြိုဟ်တုပေါ်တွင် တပ်ဆင်နိုင်တဲ့ စွမ်းအားမြင့် မိုက်ခရိုဝေ့ဖ်လက်နက် ဖြစ်ပါတယ်။

သို့ပေမဲ့ Starlink ဂြိုဟ်တုများကို ထိုစနစ်ဖြင့် တလုံးချင်း တိုက်ခိုက်ဖို့ ဆိုတာက စွမ်းအင် မလုံလောက်သည့်အပြင် အပူလွန်ကဲကာ လက်နက်တပ်ဆင်ထားသည့် စနစ်တောင် လောင်ကျွမ်း သွားစေနိုင်ပါတယ်။

တရုတ်အနေဖြင့် Starlink ဂြိုဟ်တုများကို တိုက်ခိုက်နိုင်ဖို့ တချက်ထဲနှင့် ဂြိုဟ်တုပေါင်းများစွာ ဖျက်ဆီးနိုင်မယ့် လက်နက်ကို တီထွင်ကောင်း တီထွင်နိုင်ပါတယ်။

X-ray လေလဆာ စနစ်ဟာ အဆိုပါ နည်းပညာ၏ ဥပမာ တခုဖြစ်ပြီး ဒီအယူအဆဟာ ၁၉၇၀ ခုနှစ်များကတည်းက ရှိနေခဲ့တာပါ။

ထိုစဉ်ကတည်းက အိုင်းယွန်းများနှင့် အလင်းကိုချဲ့ထားသည့် လေဆာစနစ်ဟာ ဓာတ်ငွေ့ကို အသုံးပြုသည့် စနစ်ထက် များစွာ စွမ်းအင် ပိုမြင့်ပြီး ၎င်းအတွက် နျူကလီးယားဗုံးမှ စွမ်းအင်ကို အသုံးပြုနိုင်မှာပါ။

နျူကလီးယား စွမ်းအင်သုံး X-ray လေဆာ စနစ်ဟာ ထိုအချိန်က အမေရိကန် သမ္မတ Reagan အုပ်ချုပ်စဉ်ကာလတွင် မဟာဗျူဟာ ကာကွယ်ရေး SDI အတွက် မျှော်မှန်းခဲ့သည့် စနစ်တခု ဖြစ်ပါတယ်။

ဒီ နျူကလီးယားစက်ဟာ ပြင်းထန်သည့် X-ray လေဆာများကို ထွက်လာနိုင်သည့် ပေါက်ကွဲမှုတခုကို ဖန်တီးပေးနိုင်ဖို့ ဒီဇိုင်းဆွဲထားပါတယ်။

နျူကလီးယားဗုံးတလုံးဟာ ၁ မီတာမှ ၂.၅ မီတာရှည်သည့် လေဆာ လက်နက်ချောင်း ၅၀ လောက်ကို စွမ်းအင်ပေးနိုင်ပြီး ကီလိုမီတာ ထောင်ချီအဝေးမှ ဒုံးကျည်များကို ချိန်ရွယ် ပစ်ခတ်နိုင်ပါတယ်။

ဟုတ်ပါတယ်။ ဒီစနစ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တိုက်ချင်းပစ် ဒုံးကျည်ကဲ့သို့ အာကာသအတွင်းအထိ တက်ကာ မြေပြင်ပေါ် ပြန်လည် ကျရောက်လာနိုင်မယ့် ဒုံးကျည်ထိပ်ဖူး များစွာကို တချက်ထဲနှင့် ရှင်းလင်းနိုင်ဖို့ ဖြစ်ပါတယ်။

အမေရိကန်ဟာ ၁၉၈၀ ခုနှစ်များက ဒီစနစ်ကို စမ်းသပ်ခဲ့ပေမယ့် နည်းပညာ အခက်အခဲများ ရှိခဲ့ပြီး လေဆာရောင်ခြည်များဟာ တိကျမှုနှင့် ပြင်းအားများကို စိတ်တိုင်းကျ မရရှိခဲ့ပါဘူး။

ဒီလိုမအောင်မြင်တာတောင် အမေရိကန်ဟာ X-ray လေဆာစနစ်ကို ၁၉၉၂ ခုနှစ်အထိ စမ်းသပ်နေခဲ့ပြီး ၁၉၈၀ ခုနှစ်က နည်းပညာ အခက်အခဲများဟာ ယခုအခါ ကျော်လွှားနိုင်ခဲ့ပါပြီ။

နိုင်ငံအနည်းငယ်သာ ပိုင်ဆိုင်ထားတဲ့ X-ray လေဆာ နည်းပညာကို တရုတ်မှ Starlink ဂြိုဟ်တုများကို တိုက်ခိုက်နိုင်ဖို့ အ သုံးချဖွယ် ရှိနေပြီး ရှန်ဟိုင်းနည်းပညာတက္ကသိုလ်က ၂၀၂၁ ခုနှစ်အတွင်းမှာ ထိုကဲ့သို့ ကိရိယာ တမျိုးကို စမ်းသပ်ခဲ့ဖူးပါတယ်။

တကယ်လို့ အဆိုပါစက်ကို လက်နက်အဖြစ် အသုံးပြုနိုင်သွားပါက တိုက်ခိုက်မှု တခုထဲနှင့် Starlink ဂြိုဟ်တု အများအပြားကို ဖြုတ်ချနိုင်ပြီး ကုန်ကျစရိတ်နှင့် ရလဒ် အချိုးကို အခြား လက်နက်များထက် သိသိသာသာ ပြောင်းလဲသွားစေနိုင်မှာ။

တရုတ်ဟာ ယူကရိန်း-ရုရှား အဖြစ်အပျက်များကို အနီးကပ် စောင့်ကြည့်နေကာ ထိုင်ဝမ်အပေါ် ကျူးကျော်ပါက အလားတူ ဖြစ်ရပ်များကို ရှောင်ရှားဖို့ ကြိုးပမ်းမှာ အသေအချာပါပဲ။

လက်ရှိ Starlink ဂြိုဟ်တုများဟာ ယူကရိန်း တပ်ဖွဲ့များအား မောင်းသူမဲ့လေယာဉ်များကို ထိန်းချုပ်ဖို့ ကူညီပေးခြင်းဖြင့် တင့်ကားများကို အမြောက်များဖြင့် တိကျစွာ ချေမှုန်းနိုင်စေခဲ့ပါတယ်။

အဆိုပါစနစ်ဟာ ရုရှား ခရူဇာ သင်္ဘော Moskva ကို နစ်မြှုပ်ရာတွင် အရေးပါပြီး ယူကရိန်း ကမ်းရိုးတန်း အခြေစိုက် ဒုံးကျည်များအတွက် ပစ်မှတ် အချက်အလက်များ ပေးခဲ့ပါတယ်။

၂၀၂၂ခုနှစ် မေလ ၂၃ ရက်နေ့က သမ္မတ ဂျိုးဘိုင်ဒင်မှ ထိုင်ဝမ်အား အမေရိကန်က အပြည့်အဝ ကာကွယ်ပေးမယ့်လို့ ဆိုလာသဖြင့် စစ်ဖြစ်ပါက Starlink ဂြိုဟ်တုများဟာ အရေးပါသည့် အခန်းကဏ္ဍက ပါဝင်လာဦးမှာပါ။

တရုတ်ဟာ GPS ဂြိုဟ်တုများကို ဖျက်ဆီးနိုင်ရင်တောင် Starlink ဂြိုဟ်တုများမှ အချက်ပြစနစ်များကို GPS အစားထိုးအဖြစ် ၈ မီတာအောက် တိကျစွာဖြင့် လုပ်ဆောင်ပေးနိုင်ဦးမှာပါ။

ဒါ့အပြင် Starlink ဂြိုဟ်တုများဟာ လက်နက် အဖြစ် ပြောင်းလဲလာကာ တရုတ်၏ အာကာသအတွင်းမှ ဂြိုဟ်တုများကို ခြေမှုန်းနိုင်ဖွယ် ရှိနေပါတယ်။

လိုသလို လမ်းကြောင်းပြောင်းနိုင်သည့်အတွက် ၂၀၂၁ ခုနှစ်အတွင်းက တရုတ် Tiangong အာကာသစခန်းနှင့် တိုက်မိလု ၂ ကြိမ် ဖြစ်ပွားခဲ့သည့် ကိစ္စဟာ အနာဂါတ် တရုတ်ဂြိုဟ်တုများအတွက် အန္တရာယ်တခုပဲ ဖြစ်ပါတယ်။

အမေရိကန်ဟာ အာကာသအတွင်း တွန်းကန်စနစ်အတွက် နျူကလီးယား စွမ်းအင်ကို အသုံးချဖို့ စီမံကိန်းတခု လုပ်ဆောင်နေသည့်အတွက် အနာဂါတ် အာကာသယာဉ်များဟာလည်း ပိုမို မြန်ဆန်ပြီး လိုသလို လှုပ်ရှားနိုင်တော့မှာပါ။

ဒါ့ကြောင့် ဂြိုဟ်တုများနှင့် အာကာသယာဉ်များဟာ အနာဂါတ်မှ ရုရှားနှင့် တရုတ်တို့၏ တိုက်စစ်ကို ရှောင်ရှားဖို့သာမက တန်ပြန် စစ်ဆင်နိုင်တဲ့အထိ အစွမ်းထက်လာဖွယ် ရှိနေပါတယ်။

Starlink ဟာ တရုတ် ပဲ့ထိန်းတပ် ဒုံးကျည်များနှင့် ဟိုက်ပါဆိုးနစ် ဒုံးကျည်များကို ခြေရာကောက်နိုင်သည့် ဂြိုဟ်တုများ အဖြစ်လည်း အသုံးပြုမှာပါ။

၂၀၂၀ ခုနှစ် အောက်တိုဘာလက အမေရိကန် အာကာသ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ SDA မှ ဒေါ်လာ ၁၄၉ သန်းဖိုး စာချုပ်တခုကို SpaceX နှင့် ချုပ်ဆိုခဲ့ပါတယ်။

ထိုစာချုပ်တွင် SpaceX ဟာ အားကောင်းသည့် အနီအောက်ရောင်ခြည်သုံး ဒုံးကျည် ခြေရာကောက် ဂြိုဟ်တု ၄ လုံးကို Starlink ဂြိုဟ်တုကွန်ယက်နှင့် တွဲလျှက် တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။

လက်ရှိ အနေအထားမှာတော့ Starlink ဟာ အာကာသအတွင်းမှာ မင်းမူနေဆဲဖြစ်ပြီး ရုရှားတို့၏ ဆိုက်ဘာတိုက်ခိုက်မှုကိုတောင် မမှုပါဘူး။

ဒီလို အဖက်ဖက်က ပြီးပြည့်စုံပြီး ဘက်စုံ အသုံးပြုနိုင်သည့် SpaceX ၏ Starlink ဂြိုဟ်တုများကို တရုတ်သုတေသီများက အမှန်တကယ်ကို ထိတ်လန့်နေတာ ဖြစ်ပြီး ၎င်းတို့အတွက် အနာဂါတ် နည်းပညာ စိန်ခေါ်မှု တခုအဖြစ် သတ်မှတ်ထားတာ အဆန်းတော့ မဟုတ်ပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *