တရုတ် စမတ်ဖုန်း ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်တဲ့ ရှောင်းမီ Xiaomi Corp ဟာ ဒီနှစ် ဒုတိယ သုံးလပတ် မှာ ကမ္ဘာ့ကျော် Apple Inc ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ နံပါတ် ၂ စမတ်ဖုန်း ထုတ်လုပ်သူအနေဖြင့် ရပ်တည်နေပြီ ဖြစ်ပါတယ်။
ဒီလို ဖြတ်ကျော်လာမှုကို စမတ်ဖုန်း ဈေးကွက် သုတေသန ကုမ္ပဏီတခုဖြစ်တဲ့ အမေရိကန် အခြေစိုက် Canalys ၏ ဈေးကွက်လေ့လာ သုံးသပ်မှုအရ သိရှိရတာ ဖြစ်ပါတယ်။
Canalys ဟာ ၁၉၉၈ ခုနှစ်က တည်ဆောင်ခဲ့တာဖြစ်ပြီး စမတ်ဖုန်းများ၏ ဈေးကွက် သုတေသန လုပ်ငန်းများကို လုပ်ဆောင်နေတဲ့ ကုမ္ပဏီ တခုလဲ ဖြစ်ပါတယ်။
အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယ၊ စင်ကာပူ နှင့် တရုတ်နိုင်ငံ အစရှိသည့် ကမ္ဘာအနှံ့တွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး နည်းပညာ ပိုင်းဆိုင်ရာ လေ့လာမှုများကို ပြုလုပ်နေတာပါ။
Canalys ၏ အဆိုအရ Xiaomi ဟာ ဈေးကွက် ရှယ်ယာ ၁၇ ရာခိုင်နှုန်းဖြင့် လွန်ခဲ့တဲ့ ပထမ သုံးလပတ်ထက် ၃ ရာခိုင်နှုန်း ပိုမိုလာပြီး ကမ္ဘာ့ ဒုတိယ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာတယ်လို့ သိရပါတယ်။

တကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ယခုနှစ် သုံးလပတ်အတွင်း စမတ်ဖုန်းတင်ပို့မှုမှာ ၁၂ ရာခိုင်နှုန်း တိုးတက်လာပြီး Samsung Electronics ဟာ ဈေးကွက် ဝေစု ၁၉ ရာခိုင်နှုန်း ဖြင့် ပထမ နေရာ၊ Apple Inc မှ ၁၄ ရာခိုင်နှုန်းဖြင့် တတိယ နေရာမှာ ရပ်တည်နေပါတယ်။
Canalys ၏ သုတေသန မန်နေဂျာဖြစ်တဲ့ ဘန်စထန်တန် က Xiaomi ဖုန်းများဟာ Apple နှင့် Samsung ဖုန်းများထက် ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းလောက်ထိ ဈေးသက်သာတယ် လို့ ပြောပါတယ်။
ဒီလို ဈေးသက်သာသည့်အပြင် ဒီနှစ်အတွက် Xiaomi ၏ အဓိက ဦးစားပေး ဟာ high-end ဖုန်းတွေ အရောင်း တိုးတက်လာဖို့ ဖြစ်တဲ့အတွက် ဖြစ်တယ်လို့ ထပ်လောင်း ပြောကြားပါတယ်။
Xiaomi ဟာ ယခုနှစ် ဒုတိယ သုံးလပတ်မှသာ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာပေမယ့် ၂၀၂၀ တတိယ သုံးပတ် တုန်းကလည်း Apple ထက် ဖုန်းအရေအတွက် ၅ သန်းလောက် ပိုမို တင်ဖို့ နိုင်ခဲ့ပါတယ်။
Xiaomi ဟာ လက်တင်အမေရိကသို့ တင်ပို့မှု ၃၀၀ ရာခိုင်နှုန်း၊ အာဖရိကသို့ ၅၀ ရာခိုင်နှုန်း၊ အနောက်ဥရောပသို့ ၅၀ ရာခိုင်နှုန်း စသည်ဖြင့် အသီးသီး မြင့်တက်လာခဲ့ပါတယ်။

ယခုလို ဒုတိယ အကြီးဆုံး စမတ် ဖုန်း ကုမ္ပဏီ ဖြစ်လာတဲ့အပြင် Xiaomi ဟာ Samsung နှင့် ၂ ရာခိုင်နှုန်းသာ ကွာဟတော့တဲ့အတွက် ပထ မနေရာတောင် ရလာနိုင်မလားဆိုတာ မပြောနိုင်ပါဘူး။
ထိပ်တန်း စမတ်ဖုန်း ထုတ်လုပ်သူ ၅ ခု မှာ Xiaomi ဟာ နှစ်စဉ်တိုးတက်မှု နှုန်း အမြင့်ဆုံး ဖြစ်ပြီး ၈၃ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။
စမတ်ဖုန်းများတွင်သာ မကပါဘူး Xiaomi ဟာ ၂၀၂၁ ခုနှစ် မတ်လအတွင်းက စမတ် လျှပ်စစ်ကား ထုတ်လုပ်ရေးအတွက် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ လောက် ရင်းနှီးမြှုပ်နှံမည်ဟု ကြေငြာခဲ့ပါသေးတယ်။
လက်ရှိတွင် ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ကို Samsung၊ Xiaomi၊ Apple၊ Vivo နှင့် Oppo တို့က ဦးဆောင်နေတာ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021