Mi တံဆိပ်ကို အသုံးမပြုတော့မယ့် ရှောင်မီနှင့် ၎င်း၏ စမတ်ဖုန်းလောက ဖြတ်သန်းမှု သမိုင်း

News Tech

ကမ္ဘာ့ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ခဲ့သည့် Sumsang ကို Xiaomi စမတ်ဖုန်း ကုမ္ပဏီဟာ ဥရောပ ဈေးကွက်တွင် ကျော်တက်ခဲ့ပြီး ဥရောပ စမတ်ဖုန်း အရောင်းရဆုံး ပထမနေရာကို ရရှိခဲ့ပါတယ်။

အလားတူ Apple ၏ ဒုတိယ နေရာကို ကျော်ဖြတ်ပြီး ကမ္ဘာ့ ဒုတိယအကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီဖြစ်လာပြီး မကြာမီ ၂၀၂၁ ဇွန်လမှာ Xiaomi ဟာ Samsung ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ ပထမနေရာကို ပထမဆုံးအနေဖြင့် ရောက်ရှိခဲ့ပါတယ်။

ဈေးနှုန်း မကြီးမြင့်ဘဲ လူတိုင်းအတွက် စမတ်ဖုန်း ကိုင်နိုင်ရန် ဖန်တီးပေးနိုင်ခဲ့တဲ့ ရှောင်မီ Xiaomi ကုမ္ပဏီဟာ အမေရိကန် စမတ်ဖုန်း ဈေး ကွက်မှာ မဆိုသလောက်သာ ရောင်းချနေရတာပါ။

ထုတ်ကုန်များကို ကွဲပြားစေဖို့ ရှောင်းမီ Xiaomi ဟာ အမှတ်တံဆိပ်များစွာ ခွဲထုတ်ခဲ့ရာ “Mi” အမှတ်တံဆိပ်ဖုန်းများဟာ အောင်မြင်မှုရရှိခဲ့ပြီး ပထမဆုံး စမတ်ဖုန်းထုတ်လုပ်အပြီး ၁၀ နှစ်အကြာမှာတော့ ပြောင်းလဲမှုတွေ လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

ဒီလို အပြောင်းအလဲကတော့ “Mi” ဆိုတဲ့ အမှတ်တံဆိပ် အသုံးပြုခြင်းကို ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။

အဆိုပါ အပြောင်းအလဲကို မကြာသေးမီက MIX 4 စမတ်ဖုန်း ထုတ်လုပ်ခြင်းနှင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် ထုတ်ကုန်အားလုံးမှာပါ ပြု လုပ် တော့မှာ ဖြစ်တယ်လို့ ကုမ္ပဏီ ကိုယ်စားလှယ်တဦးက အမေရိကန် စမတ်ဖုန်းမီဒီယာ ဖြစ်တဲ့ XDA ကို ပြောပြခဲ့ပါတယ်။

ရှောင်းမီ Xiaomi ဟာ စမတ်ဖုန်းကြောင့် ကျော်ကြားပေမယ့် ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ၊ တီဗွီ၊ လပ်တော့ပ် ကွန်ပျူတာ၊ရေခဲ့သေတ္တာ၊ စမတ်နာရီ၊ စကူတာ၊ စက်ရုပ် အစရှိသဖြင့် အီလက်ထရောနစ်နှင့် အိမ်သုံး စမတ်ပစ္စည်းမျိုးစုံကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ထုတ်ကုန်အများစုကို “Mi” အမှတ်တံဆိပ်ဖြင့် အသုံးပြုပေမယ့် အပြောင်းအလဲ ပြုလုပ်သည့်အခါ အားလုံးကို ပြောင်းလဲ သွားဖွယ် ရှိနေပါတယ်။

ရှောင်းမီ Xiaomi ၏ စမတ်ဖုန်း ခရီး အကြောင်း

Xiaomi ၏ “Mi” ဖြစ်လာမယ့် ပထမဆုံး ထုတ်ကုန်ကတော့ စမတ်ဖုန်းတခု မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဖုန်းနဲ့တော့ လုံးဝ ဆက်စပ်နေတဲ့ အရာတခု ဖြစ်ပါတယ်။

အဲဒါကတော့ ယနေ့ ဗားရှင်း 12.5 အထိ ရှိနေပြီ ဖြစ်တဲ့ MIUI ပဲ ဖြစ်ပါတယ်။ MIUI နဲ့ ပတ်သက်ပြီး ဖုန်း ဆားဗစ်သမားများနှင့် IT သမား တော်တော်များများမှာ ဇာတ်လမ်းလေးတွေ ရှိပါတယ်။

အဲဒီ့ အချိန်က XDA forum တွင် MIUI developer အဖွဲ့ ဟာ Android အတွက် custom ROM များ ထုတ်ပေးနေခဲ့ပြီး ဖုန်းတိုင်း လိုလိုအတွက် custom ROM များရရှိ နိုင်ပါတယ်။

အားလုံးကို အခမဲ့အနေဖြင့် ထုတ်ပေးတာဖြစ်ပြီး XDA forum တွင် MIUI ဟာ ကမ္ဘာပေါ်တွင် အကောင်းဆုံး ROM အဖြစ် သတ်မှတ်ခံ ခဲ့ရသည်အထိ အောင်မြင်ခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ အားလုံးဟာ MIUI အဖွဲ့မှာ ဒီထက် ကြီးမားတဲ့ ရည်ရွယ်ချက် ရှိမယ်လို့ မသိခဲ့ကြ ပါဘူး။

၂၀၁၁ နှောင်းပိုင်းမှာတော့ Xiaomi ဟာ ၎င်း၏ ပထမဆုံးသော စမတ်ဖုန်းဖြစ်တဲ့ Mi 1 ကို စတင် ဖြန့်ချီ ခဲ့ပါတယ်။

အဲဒီ့အချိန်တုန်းက အဆိုပါ ဖုန်းဟာ တန်းမြင့်ဖုန်းထဲမှာ ပါဝင်ခဲ့ပြီး dual-core Snapdragon S3 chipset၊ RAM 1GB နှင့် ၄ လက်မ (resolution 854×480) မျက်နှာပြင်ကို တပ်ဆင်ထားပါတယ်။

အသင့် ပါလာတဲ့ ROM ကတော့ ကျွန်တော်တို့ အရမ်း သဘောကျခဲ့တဲ့ MIUI ကို မကြာသေးမီက ပံ့ပိုးမှု ရပ်ဆိုင်းလိုက်တဲ့ Android 2.3 Gingerbread ပေါ်မှာပဲ ဖြစ်ပါတယ်။

နောက်ထပ် နှစ်အနည်းငယ်မှာ ရှောင်းမီဟာ Mi series စမတ်ဖုန်းများကို ဆက်လက်ထုတ်လုပ်ခဲ့ပြီး တရုတ် ပြည်မကြီးမှာပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် နှောင်းပိုင်းမှာတော့ ရှောင်းမီဟာ Google ၏ Android ထုတ်ကုန်ရဲ့ ပြောရေးဆိုခွင့်ရ နှင့် ဒုဥက္ကဌ Hugo Barra ကို အံ့အားသင့်စွာ ခေါ်ယူနိုင်ခဲ့ပါတယ်။

ရှောင်းမီဟာ Hugo Barra ၏ လမ်းညွှန်မှုနှင့် စင်ကာပူ၊ အောင်မြင်မှု အကြီးအကျယ်ရလာစေသည့် အိန္ဒိယ နှင့် အခြား အာရှနိုင်ငံများမှာ စတင် ဖြန့်ချီခဲ့ပါတယ်။

Xiaomi ရဲ့ တရားဝင် တရုတ်ပြည်မကြီး အပြင်ဘက်တွင် ရောင်းချသည့် ပထမဆုံး ဖုန်းများကတော့ Mi3 နှင့် Redmi 2 တို့ ဖြစ်ကာ နောက် ပိုင်း မှာ Redmi အမှတ်တံဆိပ်ကို တိုးချဲ့ခဲ့ပါတယ်။

Mi 3 နှင့် Redmi 2 ဟာ ရှောင်းမီ အဖို့ နိုင်ငံတကာ ဈေးကွက်အတွက် အလျှင် အမြန်ချဲ့ထွင်စေနိုင်တဲ့ ထုတ်ကုန်များ ဖြစ်လာပြီး အောင်မြင်မှုတွေ ရရှိလာခဲ့ပါတယ်။

၂၀၁၇ ခုနှစ် Hugo Barra ဟာ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ ဇူဇူရဲ့ ကုမ္ပဏီဆီ ပြောင်းရွှေ့သွားပြီး နောက်မှာတော့ ဆက်တိုက်အောင်မြင်လာပြီး အိန္ဒိယတွင် နံပါတ် ၁ နှင့် ဥရောပတွင် Samsung ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။

ကုမ္ပဏီ၏ ပူးတွဲ တည်ထောင်သူနှင့် CEO ဖြစ်တဲ့ Lei Jun က “Mi” ၏ အဓိပ္ပါယ်ကို “Mobile Internet” နှင် “Mission Impossible” ဆိုပြီး အဓိပ္ပါယ် ၂ မျိုးရှိတယ်လို့ ပြောဖူးပါတယ်။

Xiaomi ၏ အဓိပ္ပါယ်ကတော့ millet လို့ခေါ်တဲ့ သေးငယ်တဲ့ ဆန်စေ့လေးလို့ အဓိပ္ပါယ်ရပြီး ကုမ္ပဏီအနေဖြင့် အကြီးကြီးတွေ မလုပ်ခင် အသေးလေးတွေကို အာရုံစိုက်ပြီး စတင်သွားမယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။

အခုတော့ ရှောင်းမီဟာ ကမ္ဘာ့ စမတ်ဖုန်း အရောင်းရဆုံး ကုမ္ပဏီ ဖြစ်လာပြီး “Mi” အစား ကုမ္ပဏီ နာမည်ကိုသာ အသုံးပြုဖွယ် ရှိနေပါတယ်။

အမှတ်တံဆိပ်နှင့် ပတ်သက်ပြီး ရှောင်မီတွင် Mi၊ Redmi နှင့် POCO ပြီး ၃ ခုရှိနေရာ Redmi နှင့် POCO တို့ဟာ လွတ်လပ်သော အမှတ်တံဆိပ်များအဖြစ် ရပ်တည်နေပြီး တခုနှင့် တခု ပြိုင်ဆိုင်နေကြပါတယ်။

များမကြာမီမှာ Xiaomi တံဆိပ်နှင့် “Mi” ဆိုသည့် နေရာတွင် အစားထိုးသွားဖွယ် ရှိနေသဖြင့် Xiaomi စမတ်ဖုန်း သမိုင်းကြောင်း ကိုပါ ထည့်သွင်း ဖော်ပြလိုက်ရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *