ဥရောပ စမတ်ဖုန်း ဈေးကွက်မှာ Samsung ကို ဖြတ်ကျော်လာတဲ့ Xiaomi

Business News

Xiaomi ဟာ ၂၀၂၁ ခုနှစ်မှာ အရှိန်အဟုန်များစွာ ရရှိခဲ့ပြီး Apple ၏ ကမ္ဘာ့ ဒုတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူနေရာကို ရရှိခဲ့ကြောင်း ကို Knowledgeworms မှ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့ ဒုတိယအကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူ အနေဖြင့် ရပ်တည်နေပြီး အထင်ကြီးဖွယ် တိုးတက်မှုတွေနှင့် Xiaomi ဟာ ဥရောပဈေးကွက် ရှယ်ယာ အစီအရင်ခံစာတခုအရ နောက်ထပ် အောင်မြင်မှုတခု ရရှိနေတာပါ။

အဲဒါကတော့ ဥရောပမှာ ကမ္ဘာ့ နံပါတ် ၁ စမတ်ဖုန်း ထုတ်လုပ်သူ Samsung ကို ကျော်ဖြတ်ပြီး အရောင်းရဆုံး ကုမ္ပဏီတခု ဖြစ်လာခဲ့တာပါ။

Strategy Analytics ၏ အစီရင်ခံစာအရ Xiaomi ဟာ ဥရောပတွင် စမတ်ဖုန်း အလုံးရေ ၁၂.၇ သန်းကျော် တင်ပို့ပြီး ဈေးကွက်ဝေစု ၂၅.၃ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး Samsung ကတော့ အလုံးရေ ၁၂ သန်းဖြင့် ဈေးကွက် ဝေစု ၂၄ ရာခိုင်နှုန်းသာ ရရှိခဲ့တာဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က Xiaomi ဟာ နှစ်စဉ်တိုးတက်နှုန်း ၆၇ ရာခိုင်နှုန်းအထိရှိပြီး Samsung အတွက်ကတော့ တနှစ်ထက်တနှစ် ကျဆင်းမှု ၇ ရာခိုင်နှုန်း ရှိနေတာပဲ ဖြစ်ပါတယ်။

Apple ကတော့ စမတ်ဖုန်းအလုံးရေ ၉.၆ သန်း ရောင်းချရပြီး ဈေးကွက် ဝေစု ၁၉.၂ ရာခိုင်နှုန်းဖြင့် တတိယ နေရာမှာ ရပ်တည်နေကာ တိုးတက်မှုနှုန်းဟာ ၂၀၂၀ ခုနှစ် ဒုတိယ ၃ လပတ်နှင့် ယှဉ်ပါက ၁၅.၇ ရာခိုင်နှုန်း ရှိပါတယ်။

တချိန်ထဲမှာပဲ Oppo ဟာ ဈေးကွက်ဝေစု ၅.၆ ရာခိုင်နှုန်း၊ Realme က ၃.၈ ရာခိုင်နှုန်းဖြင့် စတုတ္ထနှင့် ပဥ္စမ နေရာကို အသီးသီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Oppo နှင့် Realme အမှတ်တံဆိပ် နှစ်ခုလုံးဟာ ဥရောပတွင် ချဲ့ထွင်မှုတွေ ရှိနေပြီး Oppo ဟာ နှစ်စဉ် တိုးတက်မှု ၁၈၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး Realme ကတော့ အံ့မခန်းဖြစ်တဲ့ ၁,၈၀၀ ရာခိုင်နှုန်းအထိ တိုးတက်မှု ရှိပါတယ်။

Realme ဟာ ဥရောပကို ၂၀၁၉ ခုနှစ်မှာ စတင်ဝင်ရောက်လာခဲ့ပြီး စပိန်နိုင်ငံကဲ့သို နိုင်ငံများကို အဓိကထား ဈေးကွက် ထိုးဖောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီကနေ ပြင်သစ်၊ အီတလီ၊ ဗြိတိန်၊ ရုရှားနှင့် အခြားနိုင်ငံများကို ၂၀၂၀ ခုနှစ်အတွင် ဈေးကွက် ဆက်လက် ထိုးဖောက် ဝင်ရောက်လာတာပါ။

ဒါ့ကြောင့် Realme ဟာလည်း အခုလို တိုးတက်မှုမျိုးကို ဆက်လက် ထိန်းထားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi ကတော့ ဥရောပ စမတ်ဖုန်း ဈေးကွက်မှာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူ Samsung ကို ကျော်လွန်ပြီး ရောင်းချနိုင်ခဲ့တာတော့ အသေအချာပါပဲ။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *