တရုတ် လျှပ်စစ်ကား ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်တဲ့ Xpeng ဟာ ၎င်း၏ flagship ကားတစီးဖြစ်တဲ့ P7 ဆီဒင်ကားတွေကို ဥရောပသို့ တင်ပို့တော့မယ်လို့ ဆိုပါတယ်။
ဒီကြေငြာချက်ကို ဩဂုတ်လ အတွင်းက ကြေငြာခဲ့တာဖြစ်ပြီး ဒါဟာ တရုတ် လျှပ်စစ်ကားထုတ်လုပ်သူ Xpeng ၏ နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်ဖို့ ခြေလှမ်းကို စတင်လိုက်တာ ဖြစ်ပါတယ်။
P 7 မော်ဒယ် ဆီဒင်ကားများကို တရုတ်နိုင်ငံ တောင်ပိုင်းမြို့ ဖြစ်တဲ့ ကွမ်ကျိုးမြို့မှ နော်ဝေနိုင်ငံသို့ တင်ပို့သွားမှာ ဖြစ်ပါတယ်။
ဒါဟာ Xpeng အတွက်တော့ ၎င်း၏ flagship ဆီဒင်ကားများကို တရုတ်နိုင်ငံ ပြင်ပ နိုင်ငံတကာ ဈေးကွက်သို့ ပထမဆုံး တင်ပို့တာလည်း ဖြစ်ပါတယ်။
Xpeng ၏ ပထမဆုံး နိုင်ငံတကာ ဈေးကွက်တခုဖြစ်တဲ့ နော်ဝေနိုင်ငံတွင် ကုမ္ပဏီ၏ G3 SUV အချို့ကို ယခင်က တင်ပို့ထားပြီး ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် နော်ဝေးနိုင်ငံအတွင်း ကားသစ် ရောင်းချမှုအားလုံး၏ ၅၄ ရာခိုင်နှုန်းဟာ လျှပ်စစ် စွမ်းအင်သုံး ကားများ ဖြစ်ကြပါတယ်။
အဆိုပါ အချက်အလက်ဟာ နော်ဝေအစိုးရ၏ တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက်များကို အခြေခံထားတာဖြစ်ပြီး အဲဒီ့လို ရောင်းချရမှုကြောင့် နိုင်ငံတကာမှ လျှပ်စစ်ကား ထုတ်လုပ်သူများကို စိတ်ဝင်စားမှု မြင့်တက်လာစေပါတယ်။
Xpeng ၏ ပြိုင်ဖက် ကုမ္ပဏီ တခုဖြစ်တဲ့ Nio ဟာလည်း ဒီနှစ်အတွင်းမှာ နော်ဝေနိုင်ငံကို ကားတွေ တင်ပို့နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
နော်ဝေကို တင်ပို့ဖို့ ထုတ်လုပ်နေတဲ့ P7 ဆီဒင်ကားတွေကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ဒေါင်း ပြည်နယ် ကျောက်ချင်မြို့ တွင် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
ကုမ္ပဏီဟာ ၎င်းရဲ့ P7 မော်ဒယ် ဆီဒင်ကားများကို နော်ဝေနိုင်ငံသို့ ၂၀၂၁ ခုနှစ် စတုတ္ထ ၃ လပတ်အတွင်း တင်ပို့နိုင်ဖို့ မျှော်လင့်ထားပါတယ်။
ကွမ်ကျိုးပြည်နယ် အခြေစိုက်ဖြစ်တဲ့ ကုမ္ပဏီ၏ ကြေငြာချက်အရ ၎င်းတို့ဟာ နော်ဝေနိုင်ငံအတွင်း အရောင်း၊ တင်ပို့မှု၊ ဝန်ဆောင်မှုနှင့် ဓာတ်အားဖြည့်ရန် နေရာများအတွက် အကြီးအကျယ် ဆောင်ရွက်နိုင်ဖို့ အရှိန်မြှင့်တင်နေတယ်လို့ ဆိုပါတယ်။
တရုတ်ကားထုတ်လုပ်သူ Xpeng ဟာ လျှပ်စစ်ကား ဈေးကွက်တွင် ပြိုင်ဆိုင်မှုများ ပြင်းထန်လာသည်နှင့် အမျှ ၎င်း၏ ထုတ်လုပ်မှု စွမ်းရည်နှင့် မော်ဒယ်များကို အရှိန်မြှင့် ထုတ်လုပ်လာတာကို တွေ့ရပါတယ်။
ဒီလထဲမှာပဲ Xpeng ဟာ ၎င်း၏ အဓိက စက်ရုံများထဲက တရုံ၏ ထုတ်လုပ်မှု စွမ်းရည်ကို ၂ ဆ တိုး ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။

ယခုနှစ် အစောပိုင်းတုန်းကလည်း P5 လို့ခေါ်တဲ့ နောက်ထပ် ဆီဒင်ကားတစီးကို မိတ်ဆက်ခဲ့ပြီး အဆိုပါကားဟာ Tesla ၏ Model 3 ကားထက် ဈေးနှုန်းပိုပြီး သက်သာမှာ ဖြစ်ပါတယ်။
P5 မော်ဒယ်အား စတင်မိတ်ဆက်သည့်အချိန်တွင် ကုမ္ပဏီ၏ အမှုဆောင် အရာရှိတဦးမှ နိုင်ငံခြားသို့ ကားများ တင်ပို့ရောင်းချလိမ့်မယ်လို့ ဧပြီလအတွင်းက CNBC ကို ပြောကြားခဲ့ဖူးပါတယ်။
အဲဒီ့အချိန်တုန်းကတော့ ဘယ်အချိန် တင်ပို့မှုတွေ ဆောင်ရွက်မယ်ဆိုတာ မပြောပြခဲ့ပါဘူး။
ဇူလိုင်လမှာတော့ Xpeng ဟာ ကားအစီးရေ ၈,၀၄၀ လောက်ရောင်းချခဲ့ရတယ်လို့ ကြေငြာခဲ့ပြီး တနှစ်ထက် တနှစ် တိုးတက်မှု ၂၂၈ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။