ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဖို့ ကားပျံပါ စမ်းသပ်နေသည့် တရုတ်ကားထုတ်လုပ်သူ XPeng

Innovation News

တရုတ်ကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် XPeng ဟာ မကြာသေးမီကပဲ ဥရောပ လျှပ်စစ်ကားဈေးကွက်ကို ထိုးဖောက်ဖို့အတွက် နော်ဝေနိုင်ငံသို့ ၎င်း၏ အဆင့်အမြင့်ဆုံး ကားများ စတင်တင်ပို့တော့မည့်အကြောင်း ဖော်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။

XPeng ဟာ ၎င်း၏ အဆင့်အမြင့်ဆုံး ကားတစီးဖြစ်တဲ့ P7 ဆီဒင်ကားတွေကို တရုတ်နိုင်ငံ တောင်ပိုင်းမြို့ဖြစ်တဲ့ ကွမ်းကျိုးမြို့မှနေပြီး နော်ဝေနိုင်ငံသို့ တင်ပို့သွားမှာပါ။

ဒီတခါကတော့ ကုမ္ပဏီ၏ ကားပျံသစ် အကြောင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လလယ်လောက်က ထုတ်လုပ်ခဲ့သည့် Xpeng ၏ Voyager X2 ကားပျံကို လက်ရှိမှာ အလွန်အမင်း ပြင်းထန်တဲ့ ပတ်ဝန်းကျင်များတွင် စမ်းသပ်နေတယ်လို့ သိရပါတယ်။

အဆိုပါကားပျံကို ရှီးနင်ပြည်နယ်၊ ယွီရှုပြည်နယ် နှင့် တရုတ်အရှေ့မြောက်ရှိ ချင်းဟိုင် ပြည်နယ်များတွင် အမြင့်ပျံ စမ်းသပ်နေတာဖြစ်ပါတယ်။

လျှပ်စစ်ကား ထုတ်လုပ်သည့် ကုမ္ပဏီ XPeng Motors လက်အောက်ရှိ XPeng Huitian မှ ထုတ်လုပ်လိုက်တဲ့ Voyager X2 ဟာ ပဥ္စမမျိုးဆက် ကားပျံ ဖြစ်ပါတယ်။

အဆိုပါ ကားပျံဟာ ယခုနှစ် အစောပိုင်းတုန်းက ပြသခဲ့တဲ့ စတုတ္ထမျိုးဆက် ကားပျံဖြစ်တဲ့ XPeng Voyager X1 ၏ နောက်မျိုးဆက် ဖြစ်ပါတယ်။

အဲဒီ့ Voyager X1 ကို ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဆောင်ရွက်နေဆဲ ကာလမှာပဲ ၎င်း၏ နောက်မျိုးဆက် Voyager X2 ကို XPeng ၏ ဥက္ကဌနှင့် CEO ဖြစ်တဲ့ ဟယ်ရှောင်းပန် က ဗီဒီယိုနှင့်အတူ ယာဉ်ကို ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ်လအတွင်း တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ချန်ဒူ မော်တော်ကား ပြပွဲမှာ Voyager X2 ၏ အသေးစိတ် အချက်အလက်အသစ်များကို ကုမ္ပဏီမှ ပြသခဲ့ပါတယ်။

ယခုနှစ် အစောပိုင်းတွင် ကားပျံကို ကွမ်ကျိုး၊ တုန်းကွမ် နှင့် ဂျန်းမမ် ရှိ လေယာဉ်အခြေစိုက် စခန်းများတွင် ပြည်တွင်း ပျံသန်း စမ်းသပ်မှုများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

Voyager X2 ဟာ P7 ဆီဒင်ကားနှင့် တူညီသော ဒီဇိုင်း DNA ရှိပြီး မြင့်မားစွာ ပျံသန်းနိုင်ရန် အတွက် မရှိမဖြစ် လိုအပ်သည့် အလုံပိတ် လေ ယာဉ် မောင်းခန်း ပါဝင်ပါတယ်။

ကားပျံတွင် ပန်ကာ ၈ လုံး တပ်ဆင်ထားပြီး တဖက်တချက်စီတွင် အပိုတွန်းကန်အားရစေရန် နှင့် မော်တာတလုံး မကောင်းပါက ဆက်လက်ပျံသန်းနိုင်ရန် အပို မော်တာတလုံး နှင့် ပန်ကာတခုစီ ပါဝင်ပါတယ်။

ကိုယ်ထည်ကို ကာဗွန် ဖိုက်ဘာဖြင့်တည်ဆောက်ထားပြီး အလေးချိန်ဟာ ဘက်ထရီ အပါအဝင် ၃၉၅ ကီလိုဂရမ် ရှိမှာ ဖြစ်ပါတယ်။

ဒီလျှပ်စစ်ကားဟာ အလေးချိန် ၂၀၀ ကီလိုဂရမ်လောက်ရှိတဲ့ လူ ၂ ယောက် လိုက်ပါ နိုင်ပြီး ဒါဟာ ယခင်က စွမ်းဆောင်နိုင်မယ်လို့ ကြေငြာခဲ့တာထက် နည်းတဲ့ အလေးချိန် ဖြစ်ပါတယ်။

X2 တွင် Manual နှင့် Autopilot စနစ် နှစ်မျိုးပါဝင်မှာ ဖြစ်ပြီး အလိုအလျှောက် မောင်းနှင် စနစ်ဟာ ကြိုတင် သတ်မှတ်ထားတဲ့ အမြင့်၊ အမြန်နှုန်း နှင့် ပျံသန်းချိန်တို့အတိုင်း ပျံသန်းစေမှာ ဖြစ်ပါတယ်။

မိုးပျံ တက္ကစီခေါ် ဒီ မိုးပျံကားဟာ လေထဲတွင် ၃၅ မိနစ်ကြာ ပျံသန်းနိုင်ပြီး တနာရီလျှင် မိုင် ၈၀ အမြန်နှုန်းဖြင့် မောင်းနှင်နိုင်မှာ ဖြစ်ကာ အ မြင့် မီတာ ၁ ထောင် လောက်အထိ ပျံတက်နိုင်မှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *