F-22၊ F-35 တို့နှင့်တွဲဖက် ပျံသန်းခဲ့တဲ့ XQ-58 Valkyrie UCAV နှင့် အနာဂါတ်နည်းပညာများ

Article Military

ဒီလအစောပိုင်းမှာ Kratos XQ-58 Valkyrie UCAV ဟာ F-22 နှင့် F-35 တို့နှင့်အတူတကွပျံသန်းခဲ့ပါတယ်။ ပျံသန်းရတဲ့အကြောင်းအရင်းကတော့ ပဉ္စမမျိုးဆက်တိုက်လေယာဉ်တွေနှင့် UCAV ကြားမှာ အချက်အလက်တွေမျှဝေနိုင်အောင်ဖြစ်ပါတယ်။

ကန်လေတပ်ရဲ့ “gatewayONE” လို့ခေါ်တဲ့နည်းပညာကို ပထမဆုံးစမ်းသပ်မှုမှာ F-22 နှင့် F-35 တို့ကိုအောင်မြင်စွာ ချိိတ်ဆက်နိုင်ပေမယ့် UCAV နှင့်တော့ ပုံစံဖွဲ့ပျံသန်းနေချိန်မှာ မချိတ်ဆက်နိုင်ခဲ့ပါဘူး။

ဒီလိုမအောင်မြင်ခဲ့ပေမယ့် F-22 နှင့် F-35 တို့ချိတ်ဆက်နိုင်ခဲ့မှုကြောင့် အောင်မြင်မှုတော့ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တကယ်တော့ F-22 နှင့် F-35 တို့ကို lockheed Martin ကုမ္ပဏီတစ်ခုထဲက ထုတ်လုပ်ထားပေမယ့် တစ်စီးနှင့်တစ်စီး အချက်အလက်အားဖြင့် မဆက်သွယ်နိုင်ကြပါဘူး။ F-22 ဟာ Intra-Flight Data Link စနစ်ကို အသုံးပြုပြီး F-35 ကတော့ မတူညီတဲ့ Multifunctional Advanced Data Link စနစ်ကိုအသုံးပြုပါတယ်။

ဒီ “gatewayONE” လို့ခေါ်တဲ့ Data Link စနစ်ဟာ ဒီလိုမတူညီတဲ့ ပရိုဂရမ်ဘာသာစကားနဲ့ရေးထားတဲ့ စနစ် ၂ ခုက အချက်အလက်တွေကို ဘာသာပြန်ပြီး ဆက်သွယ်ပေးတဲ့ စနစ်လို့ပြောရမှာပါ။

XQ-58 Valkyrie UCAV

ဒီစမ်းသပ်မှုဟာ အမေရိကန်ရဲ့ Advanced Battle Management System, or ABMS လို့ခေါ်တဲ့ အဆင့်မြင့် တိုက်ပွဲစီမံခန့်ခွဲမှုစနစ်ရဲ့ တစိတ်တဒေသပဲဖြစ်ပါတယ်။

ဒါဟာ စစ်ဆင်ရေးစင်တာတစ်ခုကို လေယာဉ်မှုးမောင်းနှင်ခန်းထဲ ထည့်လိုက်တဲ့ သဘောတရားမျိုးဖြစ်ပါတယ်။

XQ-58A Valkyrie ကို အသုံးပြုမည့်ပုံက စိတ်ဝင်စားစရာပါ။ ဒီ UCAV ဟာ တစ်စီးကို ဒေါ်လာ ၂ သန်းပဲတန်တာပါ။ ဒေါ်လာ ၂ သန်းဟာ များတယ်ထင်ကောင်း ထင်ရပါလိမ့်မယ်။

ဒါပေမယ့် ပြန်လည်အသုံးပြုလို့ရတဲ့ ဒီ Drone ရဲ့တန်ဖိုးဟာ သန်း ၁၂၀ လောက်တန်တဲ့ RQ-4 Global Hawk နဲ့ယှဉ်ရင် အတော့်ကို တန်တယ်လို့ ပြောလို့ရပါတယ်။

အမေရိကန်တို့ အသုံးပြုနေတဲ့ Tomahawk ခရုဇ်ဒုံးပျံတွေဟာလည်း ဒေါ်လာ ၁.၄ သန်းလောက်တန်ပြီး ပြန်သုံးလို့မရတဲ့ ပစ္စည်းတွေပါ။ ဒါ့ကြောင့် ဒေါ်လာ ၂ သန်းတန် drone ဟာ တန်တာထက်ကို ပိုနေပါလိမ့်မယ်။

ဒီလို ကုန်ကျစရိတ်သက်သာတဲ့ UCAV တွေက ဗိုက်ထဲမှာ အသေးစားဗုံးလေးတွေ ၂လုံး ထည့်ပြီး မိုင် ၂၀၀၀ လောက်ထိ စစ်ဆင်နိုင်ပါသေးတယ်။

ဒါအကွာအဝေးဟာ F-117 Nighthwak တွေထက် မိုင်တစ်ထောင်လောက် ပိုမိုစစ်ဆင်နိုင်တဲ့ အကွာအဝေးပါ။ အနာဂါတ်မှာ ကန်လေတပ်ဟာ ဒီ UCAV တွေကို သူတို့ရဲ့နောက်ဆုံးပေါ် လေယာဉ်တွေရဲ့ တွဲဖက်တွေအဖြစ် အသုံးပြုလာတော့မှာဖြစ်ပြီး

AI Artificial Intelligence ဦးနှောက်တုစနစ်တပ်ဆင်ပြီး လေယာဉ်မှူးမှ အမိန့်ပေးခိုင်းစေ နိုင်တော့မှာ ဖြစ်ပါတယ်။

သီအိုရီအရ Vlakyrie တွေဟာ အဓိကတိုက်လေယာဉ်တွေရှေ့က ကြိုတင်ပျံသန်းပြီး အာရုံခံစနစ်တွေနှင့် ရေဒါပျောက်တိုက်လေယာဉ်တွေကိုယ်စား ပစ်မှတ်တွေကိုရှာဖွေပေးကာ လက်ဦးမှုရစေမှာဖြစ်ပြီး အဆိုးဆုံးအခြေအနေဖြင့် ၎င်းကိုယ်တိုင် အပျက်စီးခံပေးစေကာ ပင်မ တိုက်လေ ယာဉ်တွေအပေါ်မှာ ကျရောက်နိုင်မည့် အန္တရာယ်တွေကို ကိုယ်စားခံပေးနိုင်မှာပါ။

ကန်လေတပ်ဟာ အနာဂါတ်မှာ “attritable” လို့ခေါ်တဲ့ ပြုပြင်ထိန်းသိမ်းစရိတ်နဲကာ ပြန်လည်အသုံးပြုနိုင်ပြီး ချဲ့ထွင်နိုင်တဲ့လက်နက်စနစ်တွေကို ဖန်တီးဖို့ကြိုးစားနေတာပါ။

ဒီ drone ဟာ အန္တရာယ်အရမ်းများတဲ့ စစ်ဆင်ရေးတွေကို pilot တွေ ဆုံးရှုံးစရာ၊ တန်ဖိုးကြီး drone တွေပျက်စီးစရာမျိူး ဖြစ်စရာမလိုဘဲ တပ်ဦးအနေဖြင့် စွမ်းဆောင်ပေးသွားမှာပါ။

ဒီ drone တွေဟာ တန်ဖိုးလဲနည်းတဲ့အတွက် ကန်လေတပ်အနေဖြင့် ရာဂဏန်း ဒါမှမဟုတ် ထောင်ဂဏန်းလောက်တောင် ဝယ်ယူတပ်ဆင်နိုင်ပြီး စစ်ပွဲဖြစ်ပါက ပထမဆုံးနေ့ရက်များမှာပင် ရန်သူ့လေကြောင်းကာကွယ်ရေးစနစ်တွေကို ထိန်းချုပ်နိုင်အောင် စွမ်းဆောင်နိုင်ခြေရှိပါတယ်။

ဒီလိုမျိုး အနာဂါတ်နည်းပညာကို ဖြစ်မြောက်အောင် ကြိုးစားနေတာ အမေရိကန်တစ်နိုင်ငံထဲ မဟုတ်ပါဘူး။

UK ရဲ့ drone တွေနှင့်တွဲဖက်မည့် Tempest လို့ခေါ်တဲ့ 6th generation လေယာဉ်စီမံကိန်း၊ သြစတြေးလျ ရဲ့ Boeing Loyal Wingman စီမံကိန်းနှင့် ရုရှားတို့ရဲ့ SU-57 နှင့် S-70 အတွဲတို့ပဲဖြစ်ပါတယ်။

အနာဂါတ်မှာ ဒီလိုစနစ်တွေ ဘယ်နိုင်ငံက အအောင်မြင်ဆုံး ဖန်တီးနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

(Knowledgeworms တွင် ဇန်နဝါရီ ၁၆ ရက် ၂၀၂၁ ခုနှစ်က ဖော်ပြခဲ့ပြီးသည့် ဆောင်းပါး ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *