ရန်ကုန်မြို့၏ကျက်သရေဆောင် ကန်တော်ကြီး အကြောင်း

History Knowledge

ရန်ကုန်မြို့၏ ကျက်သရေဆောင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အရှေ့ဘက်၌ ကျယ်ဝန်းသော ကန်ကြီးတစ်ကန် ရှိ၏။ထိုကန်၏ရေက ကြည်လင်သန့်စင်ပြီး တင့်တယ်သာယာလှပသည်။ မြို့၏ကျက်သရေဆောင် ကန်ကြီးဟု ခေါ်ရမည်ဖြစ်သည်။

ထိုကန်ကြီး၏ အကြောင်းကလည်း စိတ်ဝင်စားဖွယ် ကောင်းပါဘိ။
ထိုကန်ကြီး၏အကြောင်းကို ပြောလျှင် လွန်ခဲ့သော နှစ်ပေါင်း၂၅ဝဝ ခန့်က စရမည်ဖြစ်၏။

ဥက္ကလာပမင်းကြီးသည် သိင်္ဂုတ္တရကုန်းတော်၌ ရွှေတိဂုံစေတီတော်ကြီးအား တည်တော်မူသည့်အခါ၌ ယခု ကန်တော်ကြီးဟုခေါ်သည့်ကန်တော်ကြီးသည် စေတီတော်၏ အရှေ့ဘက်၌ရှိသည့် ချိုင့်တစ်ခုတွင်းမှအင်းကြီးတစ်ခုမျှသာ ဖြစ်သည်။

ထိုစဉ်အခါက ယင်းအင်းကြီး၏ အနီးအပါးတွင် လူနေအိမ်ခြေဟူ၍ စိုးစဉ်းမျှ မရှိပါ။ ယင်းသမို့ ဤအင်းကြီး၏ အနီးအပါးတွင် ရွှံ့နွံများ၊ ချုံနွယ်ပိတ်ပေါင်းများသာ ရှိသည်။

သို့သော် ယင်းနောက် နှစ်ပေါင်းများစွာကြာ၍ လွန်ခဲ့သောပေါင်း ၂ဝဝ ခန့်ကအလောင်းဘုရား ဒဂုံ (ခေါ်) ရန်ကုန်သို့ ရောက်စဉ်အခါက ထိုအင်းကြီးအနီး၌ အလောင်းဘုရားသည် ချုံနွယ်ပိတ်ပေါင်များအား ရှင်းလင်း၍ စစ်စခန်းချနေ၏။

ထိုစဉ်က အလောင်းဘုရား ချစ်မြတ်နိုးသည့် မင်းလှသူဇာ အပျိုတော်ကြီးတစ်ယောက် မင်းကြီးနှင့်အတူ ပါလာ၏။

တစ်နေ့သ၌ အပျိုတော်ကြီး မင်းလှသူဇာ စခန်းအနီးသို့ လှည့်ပတ်ကြည့်ရှုနေစဉ် မင်းတရားကြီး၏ ရန်သူဖြစ်သည့် မွန်တို့သည် ထိုအပျိုတော်ကြီးအား အတင်းဖမ်းယူသွားကြ၏။ထိုအကြောင်းအား မင်းတရားကြီး ကြားသိလျှင် ဗိုလ်မှူး သူရိန်ဝေရကျော်နှင့် သွေးသောက်များအား ခေါ်၍ “အပျိုတော်ကြီး မင်းလှသူဇာကို မွန်တို့ ဖမ်းသွားကြတယ်၊အမြန်ဆုံးလိုက်ပြီး ကယ်ဆယ်ပါ”ဟု အမိန့်ပေးလျှင် ဗိုလ်မှူးသူရိန်‌ဝေရကျော်နှင့် သွေးသောက်တို့က မွန်တို့နောက်သို့ အပြင်းလိုက်ကြ၏။

မိမိတို့နောက်သို့ ဗိုလ်မှူးသူရိန်ဝေရကျော်နှင့်အဖွဲ့ လိုက်လာကြောင်း မွန်တို့သိလျှင် အပျိုတော်ကြီး မင်းလှသူဇာအား ကျွန်းတစ်ခု၌ ထားခဲ့ကာ ကိုယ်လွတ်ရုန်း ပြေးကြ၏။ယင်းသို့ဖြင့် အပျိုတော်ကြီး အသက်ဘေးမှ လွတ်ခဲ့၏။

အပျိုတော်ကြီး မင်းလှသူဇာ အသက်ဘေးမှ လွတ်ကင်းသည့်ကျွန်းအား “သူဇာသက်လွတ်ကျွန်း”ဟု အမည်ပေးခဲ့သလို တွင်ခဲ့၏။အပျိုတော်ကြီး သူဇာကိုယ်တိုင်ကလည်း ထိုကျွန်း၌ သဲပုံစေတီတည်ကာ ပန်းများ တင်လှူခဲ့၏။ ထိုဘုရားအား “သူဇာပန်းတင်ဘုရား”ဟု ခေါ်တွင်စေ၏။ ယခုအခါ ထိုစေတီငယ်သည် မရှိတော့။

ယင်းအဖြစ်အပျက်များ ဖြစ်ပျက်ပြီးနောက် အင်းဝတွင် အလောင်းဘုရား၏ သားတော်အငယ်ဆုံးဖြစ်သည့် မင်းသားသည် ဘိုးတော်ဘုရားအမည်နှင့် ထီးနန်းကို စိုးစံ၏။ဘိုးတော်ဘုရားလက်ထက် ကျွန်ရင်းတစ်ဦးဖြစ်သည့် ဦးကျော်ရွေးအား ရန်ကုန်မြို့သို့ လွှတ်ကာ မြို့ဝန်အဖြစ် အုပ်ချုပ်စေ၏။

ဦးကျော်ရွေးသည် ရန်ကုန်မြို့၌ မြို့ဝန်အဖြစ် အုပ်ချုပ်ရာ သစ်တပ်မြို့(ရန်ကုန်မြို့)အား ကောင်းစွာ ပြုပြင်သည့်အပြင် မင်းတရားကြီး၏ အချစ်တော်ဖြစ်သည့် အပျိုတော်ကြီးမသူဇာကို ကိုယ်တွေ့ ငါလည်းမြင်ခဲ့သည်။ကန်တော်အား ကောင်းစွာပြုပြင်ပြီးသကာလ ကန်တော်ကြီးဟု အမည်ပေးကာ မင်္ဂလာကန်တော်အဖြစ် တည်စေ၏။

မြို့တော်ဝန် ဦးကျော်ရွေးသည် ထိုကန်၌ပင် လှေသဘင်ပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့သည်။ ထို့ကြောင့် ဤကန်ကြီးသည် လူသူကင်းမဲ့သည့် အခြေအနေ၊ လူသိနည်းသည့် အခြေအနေမှ တစ်စတစ်စထင်ရှားသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံအား အင်္ဂလိပ်တို့က သိမ်းယူတော့ ရန်ကုန်မြို့အား ရုံးစိုက်ရာမြို့အဖြစ် သတ်မှတ်ခဲ့သလို ကန်တော်ကြီးအားလည်းပြုပြင်မွမ်းမံမှုများ ပြုခဲ့သဖြင့် ရှေးကထက် တင့်တယ်ခဲ့သည်။

ယခုအခါတွင်ကား ကန်တော်ကြီးသည် ရန်ကုန်မြို့၏ လှပတင့်တယ်သည့် ရှုမျှော်ခင်းများနှင့် ရှိနေပြီး မသူဇာ၏ ကျွန်းကလေးသည်လည်း အလယ်ကျွန်းအဖြစ် ထင်ရှားလေသတည်း။

သုသေတီ သက်ထွန်းမြင့် (ရန်ကုန်ရာဇဝင်)စာအုပ်မှ ကူးယူ‌‌ဖော်ပြပါသည်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *