ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို တကမ္ဘာလုံးရှိ လုပ်ငန်းများမှ ထုတ်လွှတ်နေကြသောကြောင့် ကာဗွန်လျှော့ချရေးကို မလုပ်နိုင်ဟာ ငိုကြွေးပြနေသည့် ကုမ္ပဏီများအတွက် နော်ဝေ အခြေစိုက် ကုမ္ပဏီတခုဖြစ်တဲ့ Yara International က ပြီးပြည်စုံတဲ့ ဥပမာ တခုပြသလိုက်ပါတယ်။
Yara ဟာ ဓာတ်မြေဩဇာတွေ ထုတ်လုပ်တဲ့ ဓာတုပစ္စည်းထုတ် ကုမ္ပဏီတခုဖြစ်ပြီး ၎င်းတို့၏ ထုတ်ကုန်များကို နိုင်ငံအနှံ့ ထရပ်ကားများဖြင့် ပို့ဆောင်ပေးပါတယ်။
အခုတော့ ကုမ္ပဏီဟာ အလိုအလျှောက် ခုတ်မောင်းနိုင်တဲ့ လျှပ်စစ် စွမ်းအင်သုံး ကုန်တင် သင်္ဘောများနှင့် ပြောင်းလဲ အသုံးပြုဖို့ လုပ်ဆောင်နေပြီလို့ CNN သတင်းဌာန အရသိရပါတယ်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့၏ ခန့်မှန်းချက်အရ ပို့ဆောင်ရေး ကဏ္ဍဟာ ကမ္ဘာလုံးဆိုင်ရာ ကာဗွန် ထုတ်လွှတ်မှု၏ ၂၇ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။

အဲဒီ့အထဲက ရုပ်ကြွင်းလောင်စာသုံး လမ်းပေါ်တွင် မောင်းနှင်သည့် ယာဉ်များမှ ၈၀ ရာခိုင်နှုန်းခန့်သော ကာဗွန်ထုတ်လွှတ်မှုကို လုပ်ဆောင်နေသည့်အတွက် နိုင်ငံများဟာ လျှပ်စစ်စွမ်းအင်သုံး ယာဉ်များကို အသုံးပြုနိုင်ရန် အပြင်းအထန် တွန်းအားပေးနေကြပါတယ်။
ခရီးသည်တင်ကားနှင့် လေကြောင်းပို့ဆောင်ရေးတွင် တိုးတက်မှုများ ပြုလုပ်ခဲ့သော်လည်း ရေကြောင်းပို့ဆောင်ရေးမှာ လျှပ်စစ်စွမ်းအင်အသုံးပြုမှုတွင် နောက်ကျကျန်နေခဲ့ရာ Yara ရဲ့ ကုန်တင်သင်္ဘောသစ်ဟာ ဦးဆောင်လမ်းပြ ဖြစ်လာမှာ ဖြစ်ပါတယ်။
ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်ကတည်းက လျှပ်စစ်ကုန်တင် သင်္ဘောထုတ်လုပ်ရန် စီစဉ်ခဲ့ပြီး ရေကြောင်းပို့ဆောင်ရေး နယ်ပယ်တွင် လျှပ်စစ်စွမ်းအင်သုံး သင်္ဘောများနှင့် ပတ်သက်ပြီး နည်းပညာမြင့် စနစ်များကို ထုတ်လုပ်နေတဲ့ Kongsberg ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို နိုင်ခဲ့ပါတယ်။
ဒီ့မတိုင်ခင် တနှစ်ကပဲ နော်ဝေ အစိုးရဟာ ၎င်း၏ ရေကြောင်း နယ်နမိတ်အတွင်း အလိုအလျှောက် ခုတ်မောင်းနိုင်သည့် သင်္ဘောများကို စမ်းသပ်ဖို့ ခွင့်ပြုခဲ့ပြီး Yara ဟာလည်း အဲဒီလို သင်္ဘောမျိုး ထုတ်လုပ်ဖို့ လုပ်ဆောင်လာပါတယ်။
စီမံကိန်းအတွက် ၂၀၂၀ တွင် ပြီးစီးမည်လို့ ခန့်မှန်းခဲ့ပေမယ့် ထူးခြားသည့် ရာသီဥတုနှင့် ကပ်ရောဂါကြောင့် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ ဒီနှစ်နှောင်းပိုင်းမှာ စမ်းသပ်ခုတ်မောင်းနိုင်မယ်လို့ CNN ကိုပြောပါတယ်။

၇ မဂ္ဂါဝပ်ရှိတဲ့ ဘက်ထရီကို အသုံးပြုထားတဲ့ Yara Birkeland လို့အမည်ပေးထားသည့် ဒီ သင်္ဘောဟာ တနာရီကို ရေမိုင် ၁၃ မိုင်နှုန်းဖြင့် စံသတ်မှတ်ထားသည့် ကွန်တိန်နာပေါင်း ၁၀၃ လုံးအထိ တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
သင်္ဘောကို မရွေ့ပြောင်းခင်နှင့် ကွန်တိန်နာများ တင်နေစဉ် ဓာတ်အား သွင်းနိုင်မှာဖြစ်ပြီး နော်ဝေဆိပ်ကမ်းမြို့ Brevik မှနေပြီး နော်ဝေ တောင်ဘက် ကမ်းရိုးတန်း တလျှောက်အတိုင်း ခုတ်မောင်းမှာ ဖြစ်ပါတယ်။
သင်္ဘောတွင် သင်္ဘောသား တဦးတယောက်မှ ပါဝင်မှာ မဟုတ်ဘဲ သင်္ဘောကို ကုန်းတွင်းအချက်အလက် ထိန်းချုပ်စင်တာ ၃ ခုမှနေပြီး စောင့်ကြည့်သွားမယ် လို့ CNN က ဖော်ပြထားပါတယ်။
အစောပိုင်းတွင် ကွန်တိန်နာများကို သင်္ဘောပေါ်သို့တင်ရာတွင် လူအင်အားဖြင့် လုပ်ဆောင်ရောင် စီစဉ်ထားပေမယ့် နောက်ပိုင်းမှာ အလိုအလျှောက်စနစ်သုံး ကရိန်းများနှင့် ယာဉ်များအပါအဝင် စနစ်တခုလုံးကို လူမဲ့စနစ်ဖြင့် လည်ပတ်စေမှာ ဖြစ်ပါတယ်။

ဒါဟာ အလိုအလျှောက်စနစ်သုံး လျှပ်စစ်စွမ်းအင်ဖြင့် ခုတ်မောင်းသည့် ကုန်တင်သင်္ဘောကို နော်ဝေရေပိုင်နက်မှာ ပထမဆုံး ခုတ်မောင်းစေတာပဲ ဖြစ်ပါတယ်။ Yara Brikeland ကုန်တင်သင်္ဘောဟာ ၎င်း၏ ဘက်ထရီပမာဏကြောင့် ကမ္ဘာ့ ထိပ်တန်း လျှပ်စစ် သင်္ဘော ၅ စင်းအတွင်း ပါဝင်လာဖွယ် ရှိပါတယ်။
နော်ဝေနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အများစုဟာ ရေအား လျှပ်စစ် ဖြစ်သောကြောင့် Yara ၏ လုပ်ငန်းဆောင်ရွက်မှုများမှ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရာတွင် ကူညီနိုင်လိမ့်မယ်လို့ ကုမ္ပဏီက ခန့်မှန်းပါတယ်။
ကုမ္ပဏီ၏ ခန့်မှန်းမှုအရ ကုန်တင် ထရပ်ကားများမှ ယခုသင်္ဘောသို့ ပြောင်းလဲခြင်းဟာ ထရပ်ကားခရီးစဉ်ပေါင်း ၄ သောင်းလောက်ကို နှစ်စဉ် ရပ်တန့်စေပြီး ကုမ္ပဏီ၏ ကုန်တင်ကားများမှ ထွက်လာတဲ့ ဆူညံမှုနှင့် ဖုန်မှုန့်တွေနဲ့အတူ ကာဗွန်နှင့် နိုက်ထရိုက် ထုတ်လွှတ်မှုများကို လျှော့ချပေးနိုင်မယ်လို့ ဆိုပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။