မွေးကင်းစ ကလေးငယ်တွေ ငိုတာဟာ ထင်သလောက် မရိုးရှင်းဘဲ အဓိပ္ပါယ်တွေ အများကြီး ရှိပါတယ်။
ကလေးငယ်များ ငိုသည့် ပုံစံမှတဆင့် သူတို့လိုချင်တဲ့အရာ၊ စိတ်ခံစားချက်၊ သက်တောင့်သက်သာရှိမရှိ နှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကို သိရှိနိုင်ပါတယ်။
မွေးကင်းစ ကလေးတွေငိုတာဟာ ပြင်ပ ကမ္ဘာကြီးနှင့် ဆက်သွယ်ဖို့အတွက် တခုထဲသော နည်းလမ်း ဖြစ်ပါတယ်။
ဒါဆိုရင် သူတို့ ဘာကြောင့် ငိုတာလဲဆိုတာ သင့်အနေနဲ့ သိချင်လာမယ်ဆိုရင် Zoundream ကုမ္ပဏီက ဒါကို သိရှိနိုင်ဖို့ လုပ် ဆောင်နေပါတယ်။
ဆွစ်ဇာလန် နိုင်ငံရှိ ကုမ္ပဏီတခုဖြစ်တဲ့ Zoundream ဟာ မွေးကင်းစ ကလေးတွေ ငိုတဲ့ ဆူညံသံကို ဥာဏ်ရည်တု AI နှင့် အ သံမှတ်သားမှုကို အသုံးပြုကာ ခွဲခြမ်းစိတ်ဖြာပြီး ဘာသာပြန်ပေးဖို့ လုပ်ဆောင်နေတာပါ။
ကုမ္ပဏီဟာ ၎င်း၏ အဆင့်အမြင့်ဆုံးသော အသံမှတ်သားခြင်းနည်းပညာ တိုးတက်မှုများကို ကလေးတွေ ငိုသံကို ခွဲခြားတဲ့နေရာမှာ အသုံးချသွားမှာပါ။

“ကလေးတွေ ငိုတိုင်း တခုခုကို တောင်းဆိုတာ ဖြစ်ပါတယ်” Zoundream ကုမ္ပဏီ၏ CEO ဖြစ်သူ Roberto Iannone က အင်တာဗျူးတခုမှ ပြောပြခဲ့ပါတယ်။
ကုမ္ပဏီ၏ အယူအဆမှာ “ကလေးငယ်များဟာ တူညီသည့် လိုအပ်ချက်များအတွက် တူညီသည့် ပုံစံဖြင့် ငိုတယ်” လို့ အခြေ ခံထားတာ ဖြစ်ပါတယ်။
ဆိုလိုတာကတော့ ရေဆာလို့ ငိုတာဖြစ်ပါက နောက်တခါ ရေဆာတဲ့အခါ အဆိုပါ အသံအတိုင်း ငိုတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
ဒီနည်းပညာဟာ ငိုသံကို အချိန်နှင့် တပြေးညီ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ရုံသာမက ဖြစ်နိုင်ချေရှိသည့် မွေးကင်းစကလေးနှင့် သက် ဆိုင်သည့် ရောဂါများနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများကို ရှာဖွေဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Iannone အဆိုအရ ကုမ္ပဏီ၏ နည်းပညာဟာ ကောင်းမွန်တဲ့ မိဘများ၏ လုပ်နိုင်စွမ်း နေရာကိုတော့ အစားထိုးသွားမှာ မ ဟုတ်ဘဲ မိဘများဟာ ၎င်းတို့၏ ကလေးအခြေအနေကို ပိုမို သဘောပေါက်စေရန် ကူညီသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ကုမ္ပဏီ၏ နည်းပညာမှ ဖြစ်ပေါ်လာတဲ့ ဒီစနစ်ဟာ ဆူညံမှုကို တိုင်းတာသည့် spectrograms ဖြင့် စစ်ဆေးထားသည့် နာရီ သန်းပေါင်းများစွာ ကမ္ဘာပေါ်ရှိ ကလေးငိုသံများကို အသုံးပြုပြီး ဖန်တီးထားတာပါ။

အဆိုပါ စနစ်မှ ဆာလောင်မှု၊ နာကျင်မှု နှင့် ချစ်ခြင်းမေတ္တာလိုအပ်မှု စသည့် အဓိပ္ပါယ်များကို ပုံဖော်ပေးသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိ ကလေးငိုသံများ အားလုံးကို ထည့်သွင်း အသုံးပြုလို့ ရခြင်း က အကြောင်းရှိပါတယ်။
အဲဒါကတော့ ကမ္ဘာတဝှမ်းမှာ ဘာသာစကားတွေ ကွဲပြားကြပေမယ့် မွေးကင်းစ ကလေးအားလုံးမှာတော့ တူညီတဲ့ ဘုံဘာ သာစကားလို့ ပြောလို့ရတဲ့ တူညီတဲ့ ငိုပုံတွေကို တွေ့ရှိခဲ့လို့ ဖြစ်ပါတယ်။
Iannone မှ ကလေးငယ်များ၏ အသံအနိမ့်အမြင့်ကို အသုံးပြုပြီး ဆက်သွယ်နိုင်စွမ်းကို အလေးပေး လေ့လာခဲ့ပြီး ဒါဟာ မမွေးခင်ကပင် ဖွံ့ဖြိုးလာတဲ့ အရာတခု ဖြစ်တယ်လို့ ဆိုပါတယ်။
Zoundream ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ် နွေရာသီအတွင်းမှာ ဒီစနစ်ကို စတင် ရောင်းချဖို့ မျှော်လင့်ထားပြီး ဥရောပနှင့် အာရှတွင် အခြား ကုမ္ပဏီများနှင့် တွဲဖက်ပြီး စက်များကို ထုတ်လုပ်ဖို့ စိတ်ဝင်စားနေပါတယ်။

ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်အတွင်းက BabyT လို့ခေါ်တဲ့ ဒီလိုစက်အမျိုးအစားကို အခမဲ့ပေးခဲ့တယ်လို့ Iannone မှ ပြောပါတယ်။
အဲဒီလို ပေးခဲ့ရတဲ့ အကြောင်းကတော့ စက်မှ ကလေးငယ်များ၏ အသံကို မှတ်သားပြီး အချက်အလက်များကို ခွဲခြမ်းစိတ် ဖြာ နိုင်ဖို့ ဖြစ်ပါတယ်။
ကုမ္ပဏီ၏ CEO ကတော့ ဒီစက်ကို မွေးကင်းစ ကလေးမိဘတွေက အလွန် ကြိုက်နှစ်သက်ကြပြီး သူတို့အတွက် သင်ခန်းစာတွေ အများကြီး ရခဲ့တယ်လို့ ပြောပါတယ်။
အနာဂါတ်မှာ မွေကင်းစ ကလေးများကို ကိုင်တွယ်ဖို့ ခက်ခဲတဲ့ အတွေ့အကြုံမရှိသေးတဲ့ မိဘများအတွက် Zoundream ၏ စက်က အများကြီး ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။