တရုတ် ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ သတင်းများအရ VT5 လို့ခေါ်တဲ့ အပေါ့စားတင့်ကားသစ်ဖြစ်တဲ့ ZTQ-15 ကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး ရေတပ်၏ ကုန်းရေနှစ်သွယ် စစ်ဆင်ရေး တပ်ဖွဲ့သို့ ပေးအပ်လိုက်ပြီလို့ သိရပါတယ်။
ဒီအကြောင်းကို China Central Television ရုပ်သံလိုင်းမှာ လွန်ခဲ့တဲ့လက မရိမ်းတပ်ဖွဲ့နှင့်အတူ ဖော်ပြခဲ့ပြီး တပ်ကြပ်ကြီးတစ်ယောက်ဟာ ၎င်း၏ တပ်ဖွဲ့ဝင်များကို ZTQ-15 တင့်ကားများရှေ့မှာ မည်သို့ ဆောင်ရွက် ရမယ် ဆိုတာ သင်ကြားနေတဲ့ ပုံစံ ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။
ဘေဂျင်းမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လေ့လာသူ ဝူပိုင်ရှင်း က ZTQ-15 တွေ ရောက်ရှိလာခြင်းဟာ တရုတ်မရိမ်းတပ်ဖွဲ့ကို စစ်ဆင် ရေးနှင့်ဆိုင်တဲ့ ရွေ့လျားမှုတွေကို မြန်ဆန်စေပြီး၊ ကုန်းရေ နှစ်သွယ် စစ်ဆင်နိုင်တဲ့ စွမ်းရည်ကို တိုးတက်လာစေတယ်လို့ ဆိုပါတယ်။
၎င်းက ဆက်လက်ပြီး “မရိမ်းတပ်ဖွဲ့ရှိ တခြား မြေပြင်သွားယာဉ်များနှင့် နှိုင်းယှဉ်ပါက ယခု တင့်ကားသစ်ဟာ ပိုမိုထူထဲတဲ့ သံချပ်ကာရှိကာ၊ ပစ်အားပိုမိုကောင်းမွန်ပြီး မောင်းနှင်မှုစနစ်တွေ တိုးတက်လာတဲ့အတွက် ရန်သူ့ အကြီးစား သံချပ်ကာယာဉ်များနှင့် ရင်ဆိုင်နိုင်ပြီး မြေမျက် နှာပြင် မျိုးစုံမှာ သွားလာနိုင်မယ်” လို့ ဆိုပါတယ်။
မြေပြင်လက်နက်များ လေ့လာသူ ယွီရှော က ယခုတင့်ကားသစ်ဟာ အလေးချိန်ပေါ့ပါးပြီး ရွေ့လျားနိုင်စွမ်းမြင့်မားသလို မိမိကိုကိုယ် ကောင်းစွာကာကွယ်နိုင်စွမ်းလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒီတင့်ကားကို တောင်တန်းဒေသများနှင့် ကုန်းမြင့်ဒေသများတွင် တိုက်ခိုက်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ရာ အဓိကထား ထုတ်လုပ်ထားတာဖြစ်တယ်လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။
တင့်ကားသစ်တွင် ကုန်းမြင့်ဒေသများမှာ အောက်စီဂျင် ပြတ်လပ်မှုကို ဖြေရှင်းနိုင်သည့် အထူးဒီဇိုင်းဆွဲထားတဲ့ အင်ဂျင်များကို တပ်ဆင်ထားပါတယ်။

တောင်တန်းနှင့် ကုန်းမြင့်ဒေသများတွင် စစ်ကစားနိုင်မှုနှင့် လွတ်မြောက်နိုင်မှု ကောင်းမွန်စေရန် hydropneumatic suspension စနစ်ကို တပ်ဆင်ထားပါတယ်။
အဓိကလက်နက်အနေဖြင့် ၁၀၅ မီလီမီတာ ပင်မအမြောက်ကို တပ်ဆင်ထားပြီး အမြောက်ဆံ နှင့် ပဲ့ထိန်း ဒုံးကျည်များကို ထည့်သွင်း ပစ်ခတ်နိုင်သည့် အတွက် မည်သည့် တင့်ကားကိုမဆို ရင်ဆိုင်နိုင်ပါတယ်။
“ZTQ-15 ရဲ့ စွမ်းဆောင်နိုင်စွမ်းဟာ အခြား ပင်မတိုက်ပွဲဝင် တင်ကားများနှင့် နှိုင်းယှဉ်လို့ရပါတယ်။ တိတိကျကျပြောရရင် ကမ္ဘာ့ထိပ်တန်း ပင်မတိုက်ပွဲဝင် တင့်ကား ၅ စီးကလွဲရင် တခြား ကမ္ဘာပေါ်ရှိ ရှိရှိသမျှ တင့်ကားအားလုံးထက် ပိုမိုကောင်းမွန်ပါတယ်” လို့ ယွီ က ပြောပါတယ်။
တရုတ် အမျိုးသားကာကွယ်ရေး တက္ကသိုလ်၏ ကာကွယ်ရေးနည်ပညာ သုတေသီတဦးဖြစ်တဲ့ Ge Lide မှပြောကြားရာမှာ
ဒီတင့်ကားသစ်ကို ပေါ့ပါးတဲ့ တာဝန်များအတွက်သာ ထုတ်လုပ်ထားပေမယ့် ၎င်းရဲ့ ပစ်အား၊ ရွေ့လျားနိုင်မှု၊ ခုခံနိုင်မှုနှင့် အချက်အလက် စွမ်းရည်တွေကို ထည့်သွင်းစဉ်းစားပါက တိုက်ခိုက်ရေး စွမ်းရည် အလွန်မြင့်မားနေတယ် လို့ ဆိုပါတယ်။
Ge Lide အဆိုအရ ဒီတင့်ကားသစ်ဟာ တရုတ်စစ်တပ်တွင် ရှိသမျှတင့်ကားနှင့် သံချပ်ကာကားများထက် သာလွန်တယ်လို့ သိရပါတယ်။
အောက်တိုဘာလက တရုတ်သမ္မတ ရှီကျင့်ဖျင် ကွမ်တုန်း စီရင်စု ချောင်ကျိုးတွင် တည်ရှိသည့် မရိမ်းတပ်ဖွဲ့အား လာရောက် စစ်ဆေးစဉ်က မရိမ်းတပ်များဟာ လျှင်မြန်စွာ ဖြန့်ကျက်ခြင်း၊ အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်နိုင်ခြင်းနှင့် မြေမျက်နှာ သွင်ပြင် အမျိုးမျိုးတွင် စစ်ဆင်နိုင်ရမယ်လို့ ပြောကြားဖူးပါတယ်။
ဒါ့အပြင် မရိမ်းတပ်ဖွဲ့ဆိုတာ ကုန်းရေးနှစ်သွယ် စစ်ဆင်ရေး အတွက် လက်ရွေးစင် တပ်ဖွဲ့ဖြစ်ပြီး နိုင်ငံအချုပ်အခြာ အာဏာ၊ နယ်နိမိတ်၊ ရေကြောင်း ပိုင်ဆိုင်မှု နှင့် နိုင်ငံရပ်ခြား အကျိုးစီးပွားများအတွက် အထူးတာဝန်ရှိတဲ့ အဖွဲ့ဖြစ်တယ်လို့ အလေးအနက်ထား ပြောကြားခဲ့ပါတယ်။
Knowledgeworms Copyright © 2021