အမေရိကန်ရေတပ်ရှိ နောက်ဆုံးထုတ် ရေဒါပျောက် ဖျက်သင်္ဘောသစ်ကြီးများတွင် ဟိုက်ပါဆိုးနစ် လက်နက်များ တပ်ဆင်သွားမယ်လို့ သိရပါတယ်။
ရေဒါပျောက်ပြီး ဒီဇိုင်း ခပ်ဆန်းဆန်းနဲ့ ထုတ်လုပ်ထားတဲ့ Zumwalt-class အတန်းအစား ဖျက်သင်္ဘောများဟာ အမေရိကန်ရဲ့ နောက်ဆုံး ပေါ် လက်နက်များနှင့်အတူ အမေရိကန်ရေတပ်ကို အားဖြည့်ပေးမှာပါ။
ဒီအတန်းအစား ဖျက်သင်္ဘောတွေမှာ Common Hypersonic Glide Body (C-HGB) လို့ခေါ်တဲ့ သာမန် မစ်ဇိုင်း ဒုံးကျည်တွေနဲ့ ပုံစံကွဲတဲ့ ဟိုက်ပါဆိုးနစ် အလျှင်နဲ့ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေကို ရေယာဉ်တွေမှာ တပ်ဆင်နေကျ အဝေးပစ် အမြှောက်တွေအစား အစားထိုးတပ်ဆင်ထားမှာပါ။
ဒါ့ကြောင့် ဒီဖျက်သင်္ဘောတွေဟာ မိုင်ထောင်ပေါင်းများစွာ ဝေးကွာတဲ့အကွာအဝေးကနေ ပစ်မှတ်တွေကို မိနစ်ပိုင်းအတွင်း ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။
ပင်တဂွန် စစ်ဌာနချုပ်မှ ၂၀၀၀ ခုနှစ်များ အစောပိုင်းမှ ချပြခဲ့တဲ့ Zumwalts အတန်းအစား ဖျက် သင်္ဘောများဟာ ရှိရှိသမျှ စစ်သင်္ဘောများမှာ စွမ်းဆောင်ရည် အမြင့်ဆုံး ဖျက်သင်္ဘောများ ဖြစ်လာမှာ ဖြစ်ပါတယ်။
အစောပိုင်းမှာ အဆင့်မြှင့်တင်ထားပြီး တိကျစွာ ပစ်ခတ်နိုင်တဲ့ ၁၅၅ မီလီမီတာ အမြှောက် ၂ လက်နှင့် ကိုယ်ထည်ကို ရေဒါမှ မြင်နိုင်စွမ်း လျှော့ချထားသည့် ဒီဇိုင်းဖြင့် ကမ်းခြေ ပစ်မှတ်များကို ပစ်ခတ်ဖို့ တည်ဆောက်ခဲ့ပါတယ်။

စုစုပေါင်း ၃၂ စင်းအထိ တည်ဆောက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် ကုန်ကျစရိတ်အလွန် ကြီးမားလာသည့်အပြင် အမြှောက်ကျည်အတွက် ကုန်ကျစရိတ်မှာလည်း ပင်တဂွန် စံနှုန်းဖြင့် နှိုင်းစာလျှင် အလွန်များ ပြား နေသောကြောင့် ၃ စင်းသာ တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ Zumwalts အတန်းအစား ဖျက်သင်္ဘောများရဲ့ စစ်ဆင်ရေးတာဝန်ကို ကမ်းခြေပစ်မှတ်များအစား သင်္ဘောတိုက်ခိုက်ရေးနှင့် တာဝေး ပစ်ခတ်ရေး အဖြစ် ပြောင်းလဲခဲ့ပါတယ်။
ဒါ့ကြောင့် ပြီးခဲ့တဲ့ နှစ်မှာပဲ အမေရိကန် ကွန်ဂရက်မှ C-HGB ဟိုက်ပါဆိုးနစ် လက်နက်များကို Zumwalts အတန်းအစား ဖျက်သင်္ဘောများမှာ တပ်ဆင်ခွင့်ပြုခဲ့ပါတယ်။
C-HGB ဟာ အမေရိကန် ကြည်းတပ်နှင့် လေတပ်တို့ ပူးပေါင်း ထုတ်လုပ်ခဲ့တာဖြစ်တဲ့ အရှိန်မြှင့် လေဟုန်စီး ဟိုက်ပါဆိုးနစ် လက်နက်ဖြစ်ကာ လေယာဉ်၊ ထရပ်ကား၊ သင်္ဘောနှင့် ရေငုပ်သင်္ဘောများမှ ပစ်ခတ်နိုင်ပါတယ်။
အဆင့် ၂ ဆင့်ပါတဲ့ ဒီလက်နက်ဟာ တိုက်ချင်းပစ် ဒုံးပျံများကဲ့သို့ အာကာသအထိ ပစ်လွှတ်ရတာဖြစ်ပါတယ်။
၎င်းတို့ရဲ့ ကွာခြားချက်ကတော့ တိုက်ချင်းပစ် ဒုံးပျံများဟာ အာကာသအလွှာမှာ ဆက်လက် သွားပြီး ပစ်မှတ်ဆီရောက်မှ လေထုထဲ ပြန် လည် ဝင်ရောက်လာတာဖြစ်ပေမယ့် C-HGB ကတော့ အာကာသ အလွှာကို ရောက်တာနဲ့ လေထုထဲကို ချက်ချင်း ပြန်လည် ဆင်းသက်ပြီး ပစ်မှတ်ကို တိုက်ရိုက်ထိတွေ့စေတာ ဖြစ်ပါတယ်။

Zumwalts
သဘောတရားကတော့ အာကာသအစွန်းအထိ တက်သွားပြီး ပြန်အကျကို အရှိန်မြှင့်တဲ့ သဘောပဲ ဖြစ်ပါတယ်။
လက်ရှိ အမေရိကန်တို့ရဲ့ ဟိုက်ပါဆိုးနစ် လက်နက်တွေအားလုံးဟာ သမားရိုးကျ ထိပ်ဖူးများသာ တပ်ဆင်ထားပြီး နျူးကလီးယား လက်နက်များ တပ်ဆင်ထားခြင်း မရှိပါဘူး။
ကျွမ်းကျင်သူတွေကတော့ C-HGB ဆိုတာ သမ္မတ ထရမ့်လက်ထက်က ပစ်မှတ်ကို ၆ လက်မ လောက်အထိ မလွဲအောင် ပစ်ခတ်နိုင်တယ်ဆိုပြီး အကြိမ်ကြိမ် ပြောဆိုခဲ့တဲ့ Super Duper ဒုံးကျည် ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ဒီစနစ်ကို ၂၀၂၀ မတ်လအတွင်းမှ ဟာဝိုင်အီကျွန်းမှ မိုင်ပေါင်း ၂၅၀၀ လောက်ဝေးတဲ့ ပစိဖိတ်အလယ်ပိုင်းရှိ ကျွန်းတကျွန်းဖြစ်တဲ့ Kauai အထိ ပစ်ခတ်စမ်းသပ်ခဲ့ပါတယ်။
လက်ရှိမှာ ဒီလက်နက်ကို မိုင် ၅၀၀၀ လောက်အထိ ပစ်ခတ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ C-HGB ဟာ အသံထက် ၁၇ ဆ အလျှင်ဖြင့် ပစ်ခတ်နိုင်ပါတယ်။ တနည်းအားဖြင့် တနာရီလျှင် ၁၃၀၄၃ မိုင်အထိ ရောက်နိုင်ပါတယ်။
ရေတပ်ဟာ ဒီလက်နက်ပစ်လွှတ်စနစ်ကို Zumwalts အတန်းအစား ဖျက်သင်္ဘောများရဲ့ ကုန်းပတ်မှာ တပ်ဆင်ရာမှာ ပေ ၆၀၀ ရှိတဲ့ သင်္ဘောကို ငါးဖမ်းသင်္ဘောငယ်လောက်အဖြစ် ဖန်တီးထားတဲ့ ရေဒါပျောက်စနစ်မှာ အခက်အခဲတွေ ရှိနေခဲ့ပေမယ့်
တပ်ဆင်ထားတဲ့ အမြှောက် ၂ လက်ကို တလက် သို့မ ဟုတ် ၂ လက်လုံး ဖြုတ်ပြီး C-HGB ပစ်လွှတ်စင်နှင့် အစားထိုးဖို့ စီစဉ်နေလို့ U.S Naval Institute သတင်း အရ သိရပါတယ်။
C-HGB ရဲ့ လက်ရှိဒီဇိုင်းဟာ အမေရိကန် Ohio အတန်းအစား နျူကလီးယား ရေငုပ်သင်္ဘောတွေမှာပါဝင်တဲ့ Multiple All-up-round Canisters (MACs) ပစ်လွှတ်စနစ်များနှင့် ကိုက်ညီအောင် တပ်ဆင်မှာ ဖြစ်ပါတယ်။

MACs
ဒီ MAC တစ်ခုမှ လက်ရှိ တိုမဟော့ ခရုဇ်မစ်ဇိုင်း ၇ လုံးစီ ပါဝင်ပြီး ရေငုပ်သင်္ဘောတစ်စီးလျှင် ၁၅၄ လုံးအထိ တင်ဆောင်နိုင်ပါတယ်။
C-HGB များဟာ တိုမဟော့များထက် သုံးပုံတပုံလောက် ပိုကြီးတဲ့အတွက် MAC တွေထဲကို ထည့်နိုင်တဲ့ အရေအတွက် လျှော့ချရမှာဖြစ်ပါတယ်။
Zumwalt အတန်းအစားဖျက်သင်္ဘောမှာ တပ်ဆင်ထားတဲ့ အမြှောက်တစ်လက်ကို MAC ၂ ခုအထိ တပ်ဆင် အစားထိုးနိုင်မှာပါ။
ဒါ့ကြောင့် Zumwalt အတန်းအစား ဖျက်သင်္ဘောများမှာ ၁၅၅ မီလီမီတာ အမြှောက်တွေ မြင်ရဖို့ဆိုတာ အလွန်ခဲယှဉ်း သွားပြီဖြစ်ပါတယ်။
အမြှောက်တစ်လက်ကို ဆက်လက် တပ်ဆင်ထားရင်တောင် အသုံးဝင်တဲ့ C-HGB ပစ်လွှတ်စနစ် MAC တစ်ဝက်ကို လက်လွှတ် ရမှာဖြစ်တဲ့အတွက် အမြှောက် ၂ ခုစလုံးကို ဖြုတ်ပစ်လောက်မှာပါ။
ဒီလိုဖြုတ်ပစ်လိုက်တဲ့အတွက် အမြှောက်ဆံကုန်ကျစရိတ်ကို များစွာ လျှော့ချနိုင်မည့်အပြင် ကိုယ် ထည်အတွင်း အမြှောက်ဆန် ၉၂၀ အစား ဟိုက်ပါဆိုးနစ် လက်နက် ၁၆ လုံးလောက်ကို ထည့်သွင်းနိုင်မှာဖြစ်လို့ နေရာလဲ အများကြီး ပိုလာမှာပါ။
အမေရိကန်ရေတပ်ဟာ Zumwalt အတန်းအစား ဖျက်သင်္ဘော ၃ စီးဖြစ်တဲ့ USS Zumwalt၊ USS Michael Monsoor နှင့် USS Lyndon Johnson တို့ထဲက တစ်စီးမှာ C-HGB စနစ်ကို ၂၀၂၅ မှာ တပ်ဆင်ဖို့ ဆန္ဒရှိနေပါတယ်။
ဒီစနစ်ဟာ တရုတ်နှင့် ရုရှားတို့နှင့် အဓိက ထိတွေ့မှု ဖြစ်ပွားပါက တရုတ်တို့ရဲ့ ကမ်းရိုးတန်းမှာရှိတဲ့ ဌာနချုပ်တွေ၊ ဆက်သွယ်ရေးအဆောက်အအုံတွေ နဲ့ လေကာစနစ်တွေကို ဟာဝိုင်အီကျွန်းနေရာ တဝက်လောက်ကနေပြီး မိုင် ၅၀၀၀ လောက်ကနေ ပစ်ခတ် ဖျက်ဆီးနိုင်မှာ ဖြစ်ပါတယ်။

Zumwalt
ဒါ့ကြောင့် ပစ်လွှတ်တဲ့ နေရာအပေါ် ကျရောက်မယ့် အန္တရာယ်ကို လျှော့ချနိုင်ပြီး ရန်သူရဲ့ အရေးပါတဲ့ နေရာများကို ဖျက်ဆီးနိုင်မှာ ဖြစ်ပါတယ်။
ရေယာဉ်ပေါ် ကျရောက်နိုင်တဲ့ အန္တရာယ်အချို့ကို ကာကွယ်နိုင်ပါက ဒီ Zumwalt ဖျက်သင်္ဘောများဟာ အာဆီယံ ဒေသထဲအထိ ခုတ်မောင်းကာ တရုတ်နိုင်ငံအတွင်းပိုင်းအထိ ပစ်ခတ်နိုင်မှာပါ။
ဒါ့ကြောင့် လေယာဉ်တင်သင်္ဘောများ သည်သာမက ဒီ Zumwalt အတန်းအစား ဖျက်သင်္ဘောများဟာလဲ ချိန်းခြောက်နိုင်စွမ်း ကြီးမားတဲ့ သင်္ဘောများဖြစ်လာမှာဖြစ်ပြီး ရန်သူကိုလဲ ဟိုက်ပါဆိုးနစ် လက် နက် များ တည်ဆောက်ဖို့ တွန်းအားပေးနိုင်လာမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် မေလ ၁၀ ရက်နေ့က စတင် ရေးသားထားသည့် ဆောင်းပါး ဖြစ်ပြီး update သတင်းများ ထပ်မံ ဖြည့်စွက်သွားမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။